၁၅.၁ ၂၀၂၅
Written by Shwe Phyo
ထိုင်းရဲတပ်ဖွဲ့သည် ဖူးခက်မြို့တွင် မြန်မာအလုပ်သမားတစ်ဦးကို ရက်စက်စွာရိုက်နှက်ခဲ့သော ပြင်သစ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအခြေစိုက် Phuket Times သတင်းဌာနသည် ဖူးခက်မြို့ ပါတွန်အရပ်ဒေသ၏ လမ်းဘေးတွင် လူတစ်ဦးကို အခြားလူနှစ်ဦးက ရိုက်နှက်နေသော ရုပ်သံဖိုင်ကို Facebook လူမူကွန်ရက်တွင်တင်ခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာ စားသောက်ဆိုင်ပိုင်ရှင်များဖြစ်သော ပြင်သစ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ Phuket Times သတင်းဌာနက ရက်စက်စွာတိုက်ခိုက်ခြင်းဆိုသော ခေါင်းစဉ်ဖြင့် ရုပ်သံဖိုင်ကိုတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Phuket Times သတင်းဌာနက” ပြင်သစ်နိုင်ငံသားတွေက မြန်မာနိုင်ငံသားကို ရက်စက်စွာတိုက်ခိုက်နေတယ်။ မြန်မာနိုင်ငံသားဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့တယ်” ဟု ရေးသားဖော်ပြထားသည်။
ရုပ်သံဖိုင်ထဲတွင် အဖြူရောင်တီရှပ်ဝတ်ထားသည့် ပြင်သစ်နိုင်ငံသားတစ်ဦးက မြန်မာနိုင်ငံသားကို လိုက်ဖမ်းပြီးမြေပြင်သို့ တွန်းလဲခဲ့ကာ အနက်ရောင်တီရှပ်ဝတ်ဆင်ထားသည့် ပြင်သစ်နိုငံသားက ကန်ကြောက်ရိုက်နှက်ခြင်းများ လုပ်ဆောင်ကြောင်း တွေ့မြင်ရသည်။
အဆိုပါ ပြင်သစ်နိုင်ငံသားနှစ်ဦးသည် မြန်မာနိုင်ငံသားကို ထိုင်းနိုင်ငံသားနှင့် အခြားနိုင်ငံခြားသားများ ဝင်ရောက်ဖျန်ဖြေတားဆီးမှုမရှိခင်အချိန်အထိ ရိုက်နှက်ကန်ကြောက်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားသည် ရိုက်နှက်ကန်ကြောက်ခံရမှုကြောင့် မြေပြင်တွင် မလှုပ်မယှက် လဲလျောင်းနေသော ပုံစံမျိုးရှိနေခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ဖူးခက်မြို့ ပါတွန်ရဲစခန်းသည် အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ရာ အသက် ၄၁ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသား Said Idjihadi နှင့် အသက် ၂၃ နှစ်အရွယ်ရှိ Sofiane Redouane Hadji ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့က ပြင်သစ်နိုင်ငံသား နှစ်ဦး၏တိုက်ခိုက်ခြင်းခံရသော မြန်မာနိုင်ငံသားသည် အသက် ၃၇ နှစ်အရွယ်ရှိ ကိုအေးမင်းဆိုသူဖြစ်ကြောင်း ပြောသည်။ ကိုအေးမင်းက ၎င်းနှင့် သူငယ်ချင်းများသည် ပြင်သစ်နိုင်ငံသားပိုင်ဆိုင်သော စားသောက်ဆိုင် ဒုတိယအထပ်ကို ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများလုပ်ကိုင်ခဲ့ပြီးအခင်းဖြစ်ပွားသည့်နေ့တွင် ၎င်းတို့သည် အလုပ်နောက်ကျစွာလာရောက်ခဲ့ရာ အသက် ၄၁ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသားနိုင်ငံသားက စိတ်ဆိုးဒေါသဖြစ်ကာ အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ရိုက်နှက်ကန်ကြောက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ပြင်သစ်နိုင်ငံသားနှစ်ဦးသည် ထိုင်းရာဇဝတ်မှုဥပဒေအရအခြားသူတစ်ဦးကို ထိခိုက်နာကျင်စေရန် ကြိုးပမ်းမှုအတွက် ထောင်ဒဏ် ၂ နှစ်အပြင် ငွေဒဏ် ဘတ် ၄ သောင်း ဒဏ်ရိုက်ခံရဖွယ်ရှိနေကြောင်း သိရသည်။
Ref, thailandnews