◾️ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ပေးမည်ဟု ထပ်မံအသိပေး
၁၅. ၁. ၂၀၂၄
Written by Nyein Kyaw
ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ်နေသည့် ပြည်ပနိုင်ငံအချို့ကလည်း မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများကို အားပေးအားမြှောက်ပြုလုပ်ကာ ၎င်းတို့အလိုကျ ချုပ်ကိုင်နိုင်မည့် ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျရောက်သည့် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ်နေပါသည်ဟုဆိုသော ပြည်ပနိုင်ငံအချို့ကလည်း ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးအားမြှောက် ပြုလုပ်နေကြကြောင်း၊ ၎င်းတို့မှာ မိမိတို့နိုင်ငံအား သူတို့အလိုကျ ချယ်လှယ်ချုပ်ကိုင်နိုင်ရန်နှင့် ပြည်သူလူထု၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေပြီး ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေခြင်းပင်ဖြစ်သည်ကို သတိပြုမိကြစေလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒဖြစ်သည့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေဆက်လက်လျှောက်လှမ်းသွားရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လျှောက်လှမ်းနိုင်ရန် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေးလိုအပ်သည့် ပြင်ဆင်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကိုထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အလေးအနက်ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ နိုင်ငံ့ဝန်ထမ်းများအားလုံး၊ အရပ်ဘက်အဖွဲ့အစည်းများ အားလုံး၊ တိုင်းရင်း သားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိရန် အဓိကကျသည့်အချက်မှာ မိမိတို့တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ်ကြရေးနှင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယခုလတ်တလောအခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထားကွဲလွဲပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသော အချို့အဖွဲ့အစည်းများ၏ ခြေထိုးမှုများ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို အန္တရာယ်ချောက်ကမ်းပါးထဲသို့ ဆွဲချနေသည့် မဟုတ်မမှန်လုပ်ကြံသတင်းများ၊ NUG၊ CRPH၊ PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူလူထုအကြား အသိအမြင်များမှားပြီး ညီညွတ်မှုများပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ကယားပြည်နယ်တွင် မကြာမီကာလက KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ပြည်နယ်အတွင်းနေထိုင်သည့် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများက ကိုယ့်ဒေသကိုယ်ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြည်နယ်တစ်ခုအဖြစ်ပါဝင်သော ကရင်နီပြည်နယ်ကို ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေအရ လူထုဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှစ၍ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထိုသို့ ကယားပြည်နယ် ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည့် နေ့ရက်ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။