၁၅.၁.၂၀၂၅
Translated by Htwe Ko Tun
တရုတ်တိုင်ဝမ်ဒေသသို့ လက်နက်များရောင်းချခဲ့မှုအတွက် အမေရိကန်ကုမ္ပဏီခုနစ်ခုကို ယုံကြည်စိတ်ချရမှုမရှိတဲ့စာရင်းမှာထည့်သွင်းခဲ့တယ်လို့ တရုတ်အစိုးရ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOC) က ဇန်နဝါရီလ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ယုံကြည်စိတ်ချရမှုမရှိတဲ့ စာရင်းလုပ်ငန်းယန္တရားအရ ချမှတ်ခဲ့တာလို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ဒါ့ပြင် အဆိုပါ အမေရိကန်ကုမ္ပဏီတွေကို တင်းကျပ်တဲ့အရေးယူမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
အရေးယူခံရတဲ့ အမေရိကန်ကုမ္ပဏီတွေမှာ Inter-Coastal Electronics, System Studies & Simulation, IronMountain Solutions, Applied Technologies Group, Axient, Anduril Industries နဲ့ Maritime Tactical Systems တို့ ပါဝင်တယ်လို့ သိရပါတယ်။
ဒီကုမ္ပဏီတွေကို တရုတ်နိုင်ငံနဲ့ဆက်စပ်နေတဲ့ သွင်းကုန်ထုတ်ကုန်ဆောင်ရွက်မှုတွေမှာ ပါဝင်ဆောင်ရွက်ခွင့်ကို ပိတ်ပင်တားမြစ်ထားမှာဖြစ်သလို တရုတ်နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှု အသစ်တွေပြုလုပ်ခွင့်လည်း ရှိမှာမဟုတ်ဘူးလို့ MOC က ပြောပါတယ်။ ဒီကုမ္ပဏီတွေရဲ့ အကြီးတန်းအမှုဆောင်အရာရှိတွေကို တရုတ်နိုင်ငံအတွင်း ဝင်ခွင့်ပိတ်ပင်ထားမှာဖြစ်သလို သူတို့ရဲ့ လက်ရှိ တရုတ်နိုင်ငံအတွင်းတည်ရှိတဲ့ အလုပ်ပါမစ်နဲ့ နေထိုင်ခွင့်အခွင့်အရေးတွေလည်းပျက်ပြယ်သွားမှာဖြစ်ပါတယ်။ ဒါ့ပြင် သူတို့ကို ထပ်မံပြီးတော့လည်း ပါမစ်နဲ့ တခြားအခွင့်အရေးတွေ ဘယ်တော့မှထုတ်ပေးတော့မှာ မဟုတ်ပါဘူး။
ခုလို အမေရိကန်ကုမ္ပဏီခုနစ်ခုကို ယုံကြည်စိတ်ချရမှု မရှိတဲ့စာရင်းကို ထည့်သွင်းခဲ့တာနဲ့ပတ်သက်လို့ မီဒီယာတွေရဲ့ မေးမြန်းတာတွေကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူက ဖြေကြားရာမှာလည်း အမေရိကန်ပြည်ထောင်စုဟာ မကြာသေးခင်ကာလမှာဘဲ တရုတ်နိုင်ငံပိုင်ဖြစ်တဲ့ တိုင်ဝမ်ဒေသကို စစ်လက်နက်ပစ္စည်းတွေ မကြာခဏရောင်းခဲ့တယ်။ ဒါဟာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ချိုးဖောက်တာဖြစ်သလို အမေရိကန်နဲ့ တရုတ်အကြား တရားဝင်ပူးတွဲကြေညာချက်သုံးရပ်ကို ပျက်ပြားစေတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ပြောရေးဆိုခွင့်ရှိသူက တရုတ်တိုင်ဝမ်ကို လက်နက်ရောင်းချမှုက နိင်ငံတကာဥပဒေကို ချိုးဖောက်တဲ့အပြင် တိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်ရာရောက်တယ်လို့ ဆိုခဲ့ပါသေးတယ်။
MOC က တရုတ်အစိုးရအနေနဲ့ ဒီလိုယုံကြည်စိတ်ချရမှုမရှိတဲ့စာရင်းကို ထည့်သွင်းဖို့ဆောင်ရွက်ရာမှာ သတိကြီးစွာဆောင်ရွက်တာဖြစ်တယ်။ ဒီစာရင်းကလည်း တရုတ်အစိုးရအနေနဲ့ အမျိုးသားလုံခြုံရေးကို ထိပါးလာတဲ့ လက်တစ်ဆုပ်စာ နိုင်ငံခြားကုမ္ပဏီတွေကိုသာ ပစ်မှတ်ထားသာဖြစ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေအဖို့ ဘာမှ စိုးရိမ်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။
Ref -Xinhua