MT News
၁၅. ၁. ၂၀၂၅
လက်ငင်းနိုင်ငံရေးအကျပ်အတည်းမှ လွန်မြောက်နိုင်ရေးအတွက် ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဥ်အား တိုးမြှင့်ဆောင်ရွက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ – 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ – 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးအား ကျင်းပရာတွင် ထိုသို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းလည်းဖြစ်ကာ အစည်းအဝေးတွင် သဘာပတိ(၁)အဖြစ် ဦးဆောင်အဖွဲ့-အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ သဘာပတိ(၂)အဖြစ် ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အစည်းအဝေးသို့ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအသီးသီးတို့၏ Coordinator များ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုမှ နေ့စဥ်ရင်ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခမျိုးစုံအား သုံးသပ်ခဲ့ကြကာ လက်ငင်းနိုင်ငံရေးအကျပ်အတည်းမှ လွန်မြောက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေးအခင်းအကျင်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပါ်လာစေရေး၊ ငြိမ်ချမ်းရေးလုပ်ငန်းစဥ် ဖော်ဆောင်ရေး၊ EAO များအတွင်း Coordination and Cooperation ပိုမိုရရှိလာစေရေး၊ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဥ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် စသည့် အချက်ငါးချက်တို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။