၁၅. ၁. ၂၀၂၅
Translated by Thettant
ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်ဆေးသယ်ဆောင်လာသူတွေနဲ့ ထိုင်းစစ်တပ် ဇန်နဝါရီ ၁၃ ရက်ညက တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မူးယစ်ဆေးသယ်လာသူတွေဘက်က လေးဦးသေဆုံးပြီး ကျန်သူတွေက ထွက်ပြေးကြတာကြောင့် မူးယစ်ဆေးအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ဟာ ထိုင်း၊ မြန်မာ၊ လာအို အိမ်နီးချင်းသုံးနိုင်ငံရဲ့ မူးယစ်ဆေးနဲ့နာမည်ကျော်ရာ ရွှေတြိဂံဒေသ ထိုင်း – မြန်မာနယ်စပ်က ချင်းရိုင်ပြည်နယ်၊ မယ့်ဖာလုံခရိုင်၊ သာ့ဒ်ထိုင်းခရိုင်ခွဲက ဘန်ပန်မဟန်ရွာအမှတ် ၈ အနီးမှာဇန်နဝါရီ ၁၃ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ မိနစ် ၂၀ ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဟာ နယ်စပ်မျဥ်းပေါ်ကနေ မီတာ ၆၀၀ ခန့်အကွာမှာ ဖြစ်ပွားခဲ့ပြီး မူးယစ်ဂိုဏ်းဝင်တွေက အိမ်နီးချင်းနိုင်ငံဘက် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပြီး VOA သတင်းဌာနကတော့ မြန်မာဘက်ခြမ်းလို့ ဖော်ပြပေမဲ့ ထိုင်းသတင်းဌာနတွေမှာတော့ လာအို၊ မြန်မာ ခွဲခြားပြောမထားဘဲ အိမ်နီးခြင်းနိုင်ငံလို့သာ သုံးနှုန်းထားပါတယ်။
ဇန်နဝါရီ ၁၄ ရက် နံနက်အစောပိုင်းမှာတော့ ထိုင်းတာဝန်ရှိသူတွေက နယ်မြေရှင်းလင်းခဲ့ရာမှာ ကျောပိုးအိတ် ၃၄ လုံးနဲ့ မူးယစ်ဆေးသယ်ဆောင်လာသူတွေရဲ့ သေဆုံးအလောင်း ၄ လောင်း တွေ့ရှိခဲ့ပါတယ်။ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးတွေက စုစုပေါင်း အလေးချိန် ၁၁၅၅ ကီလိုဂရမ်ခန့်ရှိ ICE (Methamphetamine) ကို တွေ့ရှိခဲ့တာပါ။
ဒီဖြစ်စဥ်ကို သွားရောက်စစ်ဆေးတဲ့ Pha Muang တပ်ဖွဲ့မှူး ဗိုလ်မှူးချုပ် Kidakorn Chantra ကတော့ မူးယစ်ဆေးသယ်ဆောင်မှုဟာ ထိုင်းနိုင်ငံကိုဖြတ်ပြီး တတိယနိုင်ငံတွေဆီသယ်ဆောင်တာလို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ မူးယစ်ဂိုဏ်းဘက်က လူ ၃၀ ကနေ ၃၅ ဦးကြား ပါဝင်လာဖွယ်ရှိပြီး သူတို့ဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ ကျူးလွန်မှုတွေကို တားဆီးဖို့ နယ်မြေအတွင်း စောင့်ကြည့်နေတဲ့ ထိုင်းတပ်ဖွဲ့နဲ့ ဆုံတွေ့ချိန် ကျောပိုးအိတ်တွေနဲ့ ဝင်လာတာကြောင့် တားဆီးစစ်ဆေးချိန်မှာ စတင်ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်အပြီးမှာ လေးလံတဲ့ မူးယစ်ဆေးပါကျောပိုးအိတ်တွေချထားပြီး ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
Ref Khaosod & Thaiger