၁၅. ၁. ၂၀၂၄
Written by Nyein Kyaw
လက်ရှိကာလတွင် မိသားစုကိုစိတ်မချ၍ ရက်ရှည်ခရီးမသွားလိုမှုနှင့် နိုင်ငံခြားငွေဈေး မြင့်တက်နေမှုတို့ကြောင့် ယခုနှစ် ခရီးသွားရာသီတွင် ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားသူ ယခင်နှစ်ထက် ထက်ဝက်ခန့် လျော့ကျနေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“အရင်က ဒီလိုချိန်မှာ တစ်ပတ်ကို အနည်းဆုံး လေယာဉ် သုံး၊ လေးစီးလောက်ရှိနေတဲ့အခြေအနေပေါ့။ ဒီလိုရာသီက။ အခုဆို တစ်ပတ်ကို လေယာဉ်ပျံ တစ်ကြောင်း၊ နှစ်ကြောင်းလောက်သာ ပြေးနိုင်တဲ့အခြေအနေပဲရှိတယ်။ ဒါကြောင့်မို့ ပြီးခဲ့တဲ့နှစ်ထက်စာရင် ထက်ဝက်လောက် လျော့သွားတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း နာယက ဦးနောင်းနောင်းဟန်က MT News သို့ ပြောသည်။
ယင်းကဲ့သို့ လျော့ကျသွားခြင်းက နိုင်ငံခြားငွေကြေးမြင့်တက်မှုကြောင့် ခရီးစဉ်စရိတ်များ ပိုမိုကုန်ကျလာသလို လက်ရှိအချိန်တွင် မိသားစုများကို ရက်ရှည်ထားခဲ့ရန်အတွက် စိတ်မချသဖြင့် အချိန်နှစ်ပတ်ဝန်းကျင် ကြာမြင့်သည့် ဗုဒ္ဓဂါယာခရီးစဉ်များကို ရွေးချယ်မှုနည်းလာခြင်းဖြစ်ကြောင်း သိရသည်။
“အဓိက,က ဒေါ်လာဈေးတွေ တက်တာကြောင့်လည်းပါတယ်။ ဒေါ်လာဈေးတွေတက်တဲ့အခါကျတော့ ပြည်တွင်းသုံးငွေနဲ့ ခရီးစဉ်ကို ဝယ်ရတဲ့အခါမှာ တော်တော်လေးခက်လာတယ်။ သိန်း ၅၀၊ သိန်း ၆၀ လောက်မှ သွားလို့ရတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ အဲဒါလည်းတစ်ခု။ နောက်တစ်ခုက ပြည်တွင်းမှာလည်း တချို့က ရက်အကြာကြီး တစ်ပတ်၊ နှစ်ပတ်လောက်ကြီးထားခဲ့ပြီး သွားဖို့အတွက်ကြောင့် စိတ်မချတာပါတယ်။ မိမိဒေသက လုံခြုံအေးချမ်းပေမဲ့လည်း သွားတဲ့အချိန်တွင်းမှာ တစ်ခုခုများဖြစ်မလားဆိုပြီးတော့ ရက်ရှည်ခရီး၊ ဗုဒ္ဓဂါယာဆို တချို့ဆို နှစ်ပတ်ခရီးသွားရမှာတွေရှိတယ်။ နောက်ကကျန်ခဲ့မယ့် မိသားစုကိုလည်း စိတ်ပူတာမျိုးတွေဖြစ်တဲ့အတွက် တုံ့ဆိုင်းသွားတာလေးတွေ ဖြစ်တာပေါ့” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။
ယခုနှစ် ခရီးသွားရာသီတွင် ပြည်တွင်းခရီးသွားများအနေဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများသို့ အဓိကသွားလည်ပတ်ကြပြီး လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် အချို့ဒေသများသို့ မသွားရောက်နိုင်သည့်အခြေအနေနှင့် ရက်ရှည်ခရီးမသွားလိုမှုတို့ကြောင့် ရက်တိုပြည်ပခရီးစဉ်များဖြစ်သည့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံခရီးစဉ်များသို့ ပြောင်းလဲရွေးချယ်လာကြကြောင်း သိရသည်။
Photo- New Motion Travels & Tours