၁၅.၁.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား မိတ်ဖက်နိုင်ငံတွေအဖြစ် ရှိနေမှုက ကမ္ဘာတစ်ဝန်း တင်းမာမှုတွေ မြင့်တက်နေတဲ့ အခုအချိန်မှာ ကမ္ဘာကြီးတည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းနိုင်ဖို့ မရှိမဖြစ် လိုအပ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ဇန်နဝါရီလ ၁၄ ရက်ကပြုလုပ်တဲ့ သူ့ရဲ့နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
သူက ခေတ်သစ်အပြည်ပြည်ဆိုင်ရာဆက်ဆံရေးမှာ ရုရှားနဲ့တရုတ်တို့ရဲ့ မိတ်ဖက်အဖြစ်တည်ရှိမှုက တည်ငြိမ်အေးချမ်းမှု အတွက် အခရာကျတဲ့ အကြောင်းတစ်ရပ်ဖြစ်လာရတယ်လို့ ဆိုခဲ့ပါတယ်။ နေတိုးစစ်အုပ်စုက အမေရိကန်အစိုးရနဲ့ မဟာမိတ်တွေဟာ ဥရောပတိုက်နဲ့နေရာတိုင်းမှာလိုပဲ စိတ်သဘောထားကွဲလွဲမှုတွေ၊ အမြင်မတူမှုတွေဖြစ်အောင်သွေးထိုးပေးပြီး ကမ္ဘာကြီးမှာ ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ၊ ရန်လိုမှုတွေ မြင့်တက်လာစေဖို့ ကြိုးပမ်းနေတယ်လို့လည်း သူက ဆက်လက်ပြောခဲ့ပါတယ်။
ဒါ့ပြင် သူက ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ အခုဆိုရင် Belt and Road စီမံချက်နဲ့လည်း ပေါင်းစည်းမှုရှိတဲ့ပြင် ဆိုဗီယက်ခေတ်လွန်နိုင်ငံတွေ ပါဝင်တဲ့ Eurasian Economic Union နဲ့လည်း နက်ရှိုင်းတဲ့ပေါင်းစည်းမှုတွေရှိနေတယ်လို့ပြောခဲ့ပါသေးတယ်။
လက်ဗ်ရော့ဗ်က “အခုလို ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံတကာမှာ သိသာထင်ရှားလာတယ်။ ကျွန်တော်တို့ရဲ့မိတ်ဖက်ဖြစ်မှုနဲ့ အနာဂတ်စီမံကိန်းတွေကလည်း ကြီးမားလာတယ်။ ဒီစီမံကိန်းတွေကို လက်ခံသဘောပေါက်ကြမယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်” လို့ သတင်းစာရှင်းပွဲမှာပြောခဲ့ပါတယ်။
Ref- Xinhua