၁၅.၁ ၂၀၂၅
Written by Shwe Phyo
မလေးရှားရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားများအတွက် အန်တာတိမ်းမန့်စင်တာဖြစ်သော စားသောက်ဆိုင်နှင့် ကလပ်ဖန်တီးလုပ်ကိုင်ထားသည့် Taman Bestari Jaya ဈေးဆိုင်ကို စီးနင်းရှာဖွေခဲ့ရာ အမျိုးသမီးနှစ်ဦးအပါအဝင် မြန်မာနိုင်ငံသား လေးဦးကို တရားဝင်လိုင်စင်မရှိဘဲ အန်တာတိန်းမန့်စင်တာဖွင့်လှစ်ခြင်းအတွက် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
မလေးရှားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲဖြစ်သူ အမ်ကူမာရာဆန်က ဖမ်းဆီးခံရသူလေးဦးသည် အသက် ၂၄ နှစ်နှင့် အသက် ၃၀ အရွယ်ကြားရှိနေပြီး ခွင့်ပြုချက်မရှိဘဲ စားသောက်ဆိုင်နှင့် ကလပ်ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြောင်း ပြောသည်။
အဆိုပါ မြန်မာနိုင်ငံသားလေးဦးသည် မလေးရှားနိုင်ငံအတွင်း တရားဝင်ခွင့်ပြုချက်မရှိဘဲ အန်တာတိန်းမန့်စင်တာကို နှစ်လကြာ လုပ်ကိုင်နေခဲ့ခြင်းဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါ အန်တာတိမ်းမန့်စင်တာကို စီးနင်းချိန်အတွင်း မလေးရှားရင်းဂစ် ၁၁၀၀၀ တန်ဖိုးရှိ အရက်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခံရသူများသည် တားမြစ်ထားသည့် ပို့ကုန်များကို ပိုင်ဆိုင်မှု၊ တရားဝင်ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း နေထိုင်မှု၊ တရားဝင်လိုင်စင်မရှိဘဲ အန်တာတိန်းမန့်လုပ်ငန်းများလုပ်ကိုင်ခြင်း စသော ပြစ်မှုများကို ချိုးဖောက်ခဲ့ကြောင်း ပြောသည်။
ဖမ်းဆီးခံရသူများသည် မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်ကာ လုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်ကြောင်းလည်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။ မလေးရှားရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် ၁၉၆၇ ခုနှစ်က သတ်မှတ်ထားသော အကောက်ခွန်အက်ဥပဒေ၊ အန်တာတိန်းမန့်ဥပဒေများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ရီမန်ယူထားကြောင်း သိရသည်။ အဆိုပါမြန်မာနိုင်ငံသားလေးဦးသည် ပြစ်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ခံရမည်ဆိုလျှင် ထောင်ဒဏ်နှင့်ငွေဒဏ် နှစ်ခုစလုံးကျခံရဖွယ်ရှိနေကြောင်း မလေးရှားသတင်းများတွင်ဖော်ပြထားသည်။
Ref, thestar