၁၄.၁. ၂၀၂၅
Written by Phyo Wei
သက်ကြီးရွယ်အို၊ မှီခိုသူနဲ့ ကလေးသူငယ် ၉၀၀ ကျော်ပါဝင်တဲ့ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် ၃ စင်းကို AA အဖွဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ ရုပ်သံ ထွက်ပေါ်လာတဲ့ ဒီတစ်ပတ်မှာပဲ AA ရဲ့ အဓိကထောက်ပို့လမ်းကြောင်းဒေသနဲ့ မူးယစ်ဆေးဖြန့်ရာ ကျောက်နီမော်ကို လေကြောင်းက ဗုံးကြဲလို့ AA ရဲ့ တပ်သားတွေနဲ့ လူ ၃၀ နီးပါးသေဆုံးမှုအပြင် လွတ်မြောက်နယ်မြေအဖြစ် သူတို့ဘာသာသူတို့ သတ်မှတ်ထားလို့ ပြည်သူတွေတိမ်းရှောင်သွားပြီး AA နဲ့ AA အားပေးသူတွေပဲ ကျန်ရှိတော့တဲ့ ကျောက်တော်မြို့ ဗုံးကြဲခံရမှုမှာလည်း ကျောက်တော် ထွေအုပ်ရုံးကို နေရာဝင်ယူ အစည်းအဝေးပြုလုပ်နေတဲ့ AA အဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးတဲ့ ဖြစ်စဥ်တွေ ဒီတစ်ပတ်မှာ တွေ့မြင်ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း မိုးကုတ်ဂေါက်ကွင်းနဲ့ ပတ်ဝန်းကျင်က ကျောက်မျက်လုပ်ကွက်တွေထဲ TNLA အဖွဲ့တွေနဲ့ တရားမဝင် ကျောက်မျက် တူးဖော်နေသူတွေကို လေကြောင်းတိုက်ခိုက်ပြီး ဗုံးအလုံး ၂၀ ကျော်ကြဲချခံရလို့ TNLA အကြီးပိုင်းတွေနဲ့ တပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးကုန်လို့ TNLA က ထိခိုက်မှုအကုန်လုံး သတင်းအမှောင်ချ လူသိမခံတာ၊ အမျိုးသမီးတွေ အပေါ်ကျုးလွန်သူတွေနဲ့ လူကုန်ကူးမှု၊ လူသတ်မှုကျူးလွန်ထားသူ ၅၅ ဦးကို TNLA လွှတ်ပေး တာ၊ ရန်ပုံငွေခေါင်းစဥ်တပ်ပြီး KTV ဖွင့်ဖို့ ကြိုးပမ်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ဘဏ္ဍာရေးတာဝန်ခံကို တာဝန်ကထုတ်ပယ်လိုက်တာ၊ လူ ၈ ဦးကို သတ်ဖြတ်လုယက်မှုအပြင် ဖောက်ခွဲတိုက်ခိုက်မှုတွေပါ ကျူးလွန်ထားလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ ထောင်ကျနေသူ မအူပင် PDF က အကျဥ်းသားမျိုးမင်းဦး ဆီးကျောက်ရောဂါနဲ့ ပဲခူးဆေးရုံကို ၁၅ ရက်ကြာ တက်ရောက်ကုသခွင့်ရပေမဲ့ သေဆုံးသွားတာ၊ မဟာအောင်မြေမြို့နယ်က ကမ္ဘောဇဘဏ်ကို သေနတ်ပြပြီး ငွေများစွာ လုယက်ပစ်ခတ်မှုကျူးလွန်သူဟာ အမရပူရ PDF အဖွဲ့ကဖြစ်နေတာ၊ နိုင်ငံရေးခိုလှုံခွင့်နဲ့ ဩစတြေးလျထွက်ပြေးသွားတဲ့ NLD ပါတီဝင်ရဲ့ ဇနီးသည်က မြန်မာကုန်စုံဆိုင်တွေက ပစ္စည်းလိုက်ခိုးနေတယ်လို့ ကရင်နီလူထုအသံ KPV ဖော်ပြလာတာ၊ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနက အာဏာအလွဲသုံးစားလုပ်ပြီး တပ်ရင်းမှူးခန့်တာကို မကျေနပ်တဲ့ မြိတ်ခရိုင် တပ်ရင်း (၁) က ဘဏ္ဍာရေးအဖွဲ့ဝင်နုတ်ထွက်ပြီး နောင်ကာလ ဘဏ္ဍာရေးအကျင့်ပျက်ခြစားမှုတွေ မသက်ဆိုင်ကြောင်းကြေညာတာ စတဲ့ သတင်းဖြစ်စဥ်တွေအပြင် နျူကလီးယားလက်နက်ပြုလုပ်ဖို့အတွက် မြန်မာနိုင်ငံက ကုန်ကြမ်းပစ္စည်း တင်ပို့ရောင်းဝယ်ဖို့ လုပ်ဆောင်ခဲ့တဲ့ ဂျပန်ယာကူဇာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်က အပြစ်ရှိကြောင်း ဝန်ခံတာ စတဲ့ဖြစ်စဥ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်း၊ တရုတ်ကျားဖြန့်ဂိုဏ်းတွေဆီ လူကုန်ကူးခံထားရတာ လူ ၆၀၀၀ ကျော် ရှိနေတယ်ဆိုတဲ့အကြောင်းတွေနဲ့ နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ TNLA က အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်ပြီး တိုက်ပွဲတွေ ဆက်ဆင်နွှဲဖို့ ကြံဆောင်နေမှုတွေအကြောင်း သုံးသပ်တင်ပြချင်ပါတယ်။
◾ ရွေးကောက်ပွဲအတွက် အဆင်သင့်အခြေအနေ
ရွေးကောက်ပွဲအတွက် အဘက်ဘက်ကနေ အသင့်ဖြစ်နေစေဖို့ ဆောင်ရွက်နေပြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဗဟိုကော်မတီက ပေးပို့လာတဲ့ လူဦးရေစာရင်းတွေကို ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) အတွင်း ထည့်သွင်းပြုစုထားပြီးဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ မြေပြင်စိစစ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားလာတာ တွေ့ခဲ့ရပါတယ်။ ရွေးကောက်ပွဲတစ်ခုမှာ မဲစာရင်းပြည့်စုံမှန်ကန်ရေးက အဓိကကျတာကြောင့် မဲစာရင်းကို လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပေးပို့တဲ့ ပုံစံ (၆၆/၆) ကို အခြေခံတဲ့ လူဦးရေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးပို့တဲ့ မြေပြင်လူဦးရေစာရင်း နှစ်ခုကိုအခြေခံပြီး ကော်မရှင်က ပြုစုရတာဖြစ်တယ်လို့လည်း ပြောလာတာတွေ့ရပါတယ်။
အကြားအလပ်မရှိ ရွေးကောက်ပွဲကနေ နယ်မြေအပိုင်းအခြားအလိုက် ဒီ ၂၀၂၅ ခုနှစ်ထဲမှာ လုပ်ဆောင်မယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ အခုဆို ဇန်နဝါရီကို ၁၄ ရက် စွန်းလာပါပြီ။ ဒီနေရာမှာ ခြေဥအရတော့ ရွေးကောက်ပွဲဟာ တာဝန်သက်တမ်းကုန်ဆုံးအပြီး ခြောက်လအတွင်း လုပ်ဆောင်ရမှာဖြစ်လို့ ဖေဖော်ဝါရီက စမယ်ဆို ဩဂုတ်လအတွင်းမှာ ရွေးကောက်ပွဲပြီးမှာဖြစ်ပြီး ကြားကာလအတွင်းမှာ ရွေးကောက်ပွဲ ဆက်ကျင်းပလို့ရနိုင်တဲ့ နယ်မြေတွေရှင်းလင်းပြီး ရှင်းလင်းပြီးတဲ့ မြို့တွေ ဆက်ရွေးကောက်ပွဲလုပ်မယ်ဆိုရင် မြို့နယ်များလေ လွှတ်တော်စနိုင်ချိန်မှာ ဂုဏ်တင့်လေဖြစ်မှာဖြစ်ပြီး စက်တင်ဘာကစမယ်ဆိုရင်တော့ ခြောက်လအတွင်းရွေးကောက်ပွဲဟာ ၂၀၂၆ ကို ကူးသွားပြီး သန်းခေါင်စာရင်းကောက်ခံမှုပုံစံနဲ့ အနီးစပ်ဆုံး ၁၄၅ မြို့နယ်ဟာ ရွေးကောက်ပွဲ မုချမသွေလုပ်နိုင်မယ့်ဒေသ၊ တစ်စိတ် တစ်ဒေသ စာရင်းကောက်ခံနိုင်မှု ၁၂၇ မြို့နယ်ဟာ နယ်မြေရှင်းလင်းဖို့ အချိန်မရနိုင်တော့လို့ တစ်စိတ်တစ်ဒေသရွေးကောက်ပွဲပုံစံဖြစ်သွားမယ့် အခြေအနေပါ။ ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ ၂၀၂၅ နှစ်အတွင်းမှာ နိုင်ငံနဲ့ပြည်သူအတွက် ထွက်ပေါက် ရွေးကောက်ပွဲဖြစ်ဖို့က လိုရင်းဖြစ်ပြီး အဓိကလိုရင်းကတော့ အနိုင်ရပြီး အစိုးရဖွဲ့နိုင်သူကို အာဏာလွှဲပေးဖို့သာဖြစ်လို့ ဖြစ်တဲ့နည်းနဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကိုပဲ လက်ခုပ်တီးပေးရမှာပါပဲ။
◾ မြ၀တီဘက်ခြမ်းက လူကုန်ကူးခံ ၆၀၀၀ ကျော်
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဟာ မြန်မာနိုင်ငံအခြေစိုက် ရာဇဝတ်ဂိုဏ်းတွေအတွက် အဓိက ဖြတ်သန်းသွားလာမှုပြုတဲ့နေရာအဖြစ် ရှိနေတာကြောင့် ထိုင်းနိုင်ငံ၊ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပါဝင်နှိမ်နင်းမှုပြုသွားဖို့အရပ်ဘက်လူမှုအဖွဲအစည်းကွန်ရက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြသလို လူကုန်ကူးခံရတဲ့ ဓားစာခံတွေကို အထောက်အပံ့ပေးရေးအတွက် အရပ်ဘက်လူမှုအဖွဲအစည်းကွန်ရက်က ဇန်နဝါရီလ ၇ ရက်က အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံပေါင်း၂၁ နိုင်ငံက ပြည်သူစုစုပေါင်း ၆,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံနေရတယ်လို့ ဖော်ထုတ်ရေးသားခဲ့တာ တွေ့ရပါတယ်။ ဖမ်းဆီးခံနေရသူ ဓားစာခံတွေမှာ တရုတ်နိုင်ငံသား ၃,၉၀၀ ခန့်ပါပြီး ပြင်းထန်တဲ့ ကိုယ်ကာယပိုင်းနဲ့ စိတ်ပိုင်းအလွဲသုံးစားပြု ညှင်းပန်းမှုတွေလည်း ခံနေကြရဖွယ်ရှိသလို သူတို့မိသားစုတွေဆိုရင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို ရွေးငွေမတန်တဆ တောင်းခံမှုတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။ ဇန်နဝါရီလ ၁၀ ရက်မှာတော့ အရပ်ဘက်လူမှုအဖွဲအစည်းကွန်ရက်ဟာ ကင်ညာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ လာအို၊ ကာဇက်စတန် နဲ့ ဥဇဘက်ကစ္စတန် စတဲ့ နိုင်ငံကိုးနိုင်ငံက ကိုယ်စားလှယ်တွေနဲ့အတူ ထိုင်းနိုင်ငံရဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်(NHRC) ကို အိတ်ဖွင့် တောင်းဆိုစာတစ်စောင်တင်သွင်းခဲ့ပြီး ဒီစာမှာ သူတို့က မြန်မာနိုင်ငံအတွင်းလူကုန်ကူးခံရသူတွေကို ကယ်တင်ဖို့ NHRC က ချက်ချင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြတာ တွေ့ရပါတယ်။ ဒါတွေဟာ မနှစ်တုန်းက လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံသိက္ခာကျစေခဲ့တဲ့ No More Bet တရုတ်ရုပ်သံအပြီးမှာ တရုတ်က သရုပ်ဆောင်တွေ၊ မော်ဒယ်တွေနဲ့ ငယ်ရွယ်နုနယ်သူတွေကို မြဝတီ၊ ရွှေကုက္ကိုက ကျားဖြန့်တွေ ပြန်ပေးဆွဲဖမ်းဆီးတယ်လို့ တိုင်မင်ကိုက် ဖြစ်စဥ်တွေအပြီး ရိုက်ခတ်လာတဲ့ ဖြစ်စဥ်တွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခဖြစ်ပွားချိန်မှာ NUG နဲ့ PDF တွေ၊ EAOs တွေကို အမေရိကန်အလိုကျ လက်ခံမိတဲ့၊ တရားမဝင် လက်နက်သယ်ဆောင်ရောင်းဝယ်မှုရဲ့ ကြားခံ ထောက်ပို့နိုင်ငံဖြစ်လာတဲ့ ထိုင်းနိုင်ငံဟာ အခုအချိန်မှာတော့ တရားမဝင်လက်နက်ကိုင်တွေ လူရာသွင်းမိမှု အကျိုးဆက်အဖြစ် မူးယစ်ဆေး၊ လက်နက်အန္တရာယ်နဲ့ တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ အန္တရာယ်၊ ငွေကြေးခဝါချမှုပြဿနာတွေနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို တာဝန်ယူ ရင်စည်းခံနေရတဲ့ နိုင်ငံဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ဒီလိုရင်စည်းခံနေရတဲ့ ဒုက္ခတွေဟာ ကမ္ဘာ့ခရီးသွားအများဆုံးထိုင်းနိုင်ငံရဲ့ ခရီးသွားရည်မှန်းချက်နဲ့ ခရီးသွားဝင်ငွေဖျက်ဆီးမယ့် ဘေးအန္တရာယ်ဆိုးအဖြစ် အကောင်ပေါက်လာချိန်မှာ ထိုင်းအဖို့တော့ ဆုပ်လည်းစူး စားလည်းရူး ဖြစ်လာနေတာပါ။ ဒီနေရာမှာ လူကုန်ကူးမှုအချက်အခြာဟာ ရွှေကုက္ကိုလ်မြို့သစ်၊ BGF လို့ အမည်တပ်ပေမယ့်လည်း ကံကောင်းထောက်မတာက ဒီနေရာတွေက ကျားဖြန့်တွေမှာ KNU/KNLA တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေလည်း ရှယ်ယာ ပါနေတယ်ဆိုတဲ့အခြေအနေပါ။ ဒါကြောင့်မို့ မြဝတီမြို့သိမ်းချိန်မှာတောင် ရွှေကုက္ကိုလ်က ကျည်တစ်တောင့်မကျခဲ့တဲ့ပုံစံမြင်ရသလို တရုတ်နယ်စပ်က MNDAA၊ TNLA နဲ့ AA တို့ကို မြှောက်ပေးပြီး ကျားဖြန့်နှိမ်နင်းတဲ့ပုံစံ လုပ်မရတာကို မြင်ရတဲ့အနေအထားလည်း တွေ့ရပါတယ်။ ဒါပေမဲ့လည်း ဒီတရုတ်ကျားဖြန့်ဟာ မြန်မာနိုင်ငံအတွက် အကျိုးမရှိဘဲ လက်နက်ကိုင်တွေရဲ့ အဓိကဝင်ငွေတစ်ခုဖြစ်လာနေတာနဲ့ မြဝတီကို တစ်ကျော့ပြန် မြို့သိမ်းပွဲဆင်နွှဲခံရနိုင်တာ၊ KNU/ KNLA ကို လိုက်သတ်နေတဲ့ KTLA က ရုတ်တရက်အင်အားကြီးထွားပြီး ဝုန်းကနဲ ထတိုက်တာမျိုး မဖြစ်အောင်တော့ မြန်မာနယ်စပ် မြဝတီနဲ့ နာမည်ဆိုးထွက်တဲ့ ရွှေကုက္ကိုလ်အရေးဟာ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ စိစစ်ကြပ်မတ်ရမှာဖြစ်သလို ကရင်လက်နက်ကိုင်ချင်းဆိုင်နေတာ ထိုင်ကြည့်မယ်ဆိုလည်း ရှမ်းမြောက်ကမြို့တွေလို အလုံးစုံပါမသွားဖို့တော့ လိုပါမယ်လို့ သတိပေးချင်ပါတယ်။
◾ TNAL ရဲ့ တိုက်ပွဲခေါ်သံ
တရုတ်နိုင်ငံအလိုကျ နိုင်ငံရေးဆွေးနွေးမယ်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ တအာင်းလက်နက်ကိုင် TNLA က နစက စစ်ရေးအရ ကျရှုံးမှုရင်ဆိုင်နေရချိန်မှာ တော်လှန်ရေးအရှိန် အမြင့်ဆုံးလွှင့်တင်ပြီး အောင်ပွဲရယူမယ်လို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဇန်နဝါရီ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ PSLF/TNLA ရဲ့ နှစ်ပတ်လည်အစည်းအဝေးထုတ်ပြန်ချက်မှာ “နှစ်ပတ်လည်အစည်းအဝေးကြီးတွင် မြန်မာစစ်အာဏာရှင်စနစ်ဆိုးအား ချေမှုန်းတိုက်ခိုက်နေသည့် တော်လှန်ရေး အခြေအနေများ ဆွေးနွေးသုံးသပ်ခြင်း၊ အဖွဲ့အစည်း၏ တစ်နှစ်တာလုပ်ငန်းများပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင် ဖြည့်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ တအာင်းတပ်မတော်ကို တပ်မဟာ (၉) ခုအဖြစ် တိုးချဲ့ပြင်ဆင်ခြင်းနှင့်အတူ တအာင်းပြည်၏ အုပ်ချုပ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် မြို့(၁၈) မြို့ပါဝင်သည့် ခရိုင် (၅) ခုကိုလည်း ပြင်ဆင်စုဖွဲ့ သဘောတူခဲ့ကြပါသည်။ ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြရသော တော်လှန်ရေးအင်အားစုအသီးသီးတို့သည် နိုင်ငံတဝှမ်း နယ်မြေ ဒေသအသီးသီးတွင် ဘုံရန်သူကို ထိုးစစ်ဆင်တော်လှန်နေကြသဖြင့် နစက မြန်မာစစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲအစည်းများ၊ နွေဦး တော်လှန်ရေးအင်အားစုများအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်ခါကောင်းဖြစ်သည်ဟု အစည်းအဝေးကြီးက ရှုမြင်သုံးသပ်ပါသည်”လို့လည်း ဖော်ပြခဲ့ပါသေးတယ်။
TNLA ဟာ နိုင်ငံရေးဆွေးနွေးမယ်လို့ ထုတ်ပြန်စဥ်ကလည်း အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုတဲ့ သဘောဆန္ဒမရှိဘဲ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် ဟန်ပြထုတ်ပြန်ခဲ့တယ်လို့ ဝေဖန်မှုတွေရှိခဲ့သလို တရုတ်နိုင်ငံမှာ ဒီဇင်ဘာလအတွင်း ထပ်မံပြုလုပ်တဲ့ဆွေးနွေးပွဲမှာလည်း ညှိနှိုင်းအဆင်မပြေမှုတွေဖြစ်ခဲ့တာပါ။ ဒါတွေကြောင့် တစ်ကျော့ပြန် စစ်ရေးတိုက်ခိုက်မှုတွေ ဆက်ဖြစ်လာအပြီးမှာ TNLA က နစက စစ်ရေးအရ ကျရှုံးမှုရင်ဆိုင်နေရချိန်မှာ တော်လှန်ရေးအရှိန် အမြင့်ဆုံးလွှင့်တင် အောင်ပွဲရယူမယ်လို့ တပ်လှန့်ခဲ့တဲ့အပြင် ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာလည်း TNLA ဥက္ကဋ္ဌ တားအိုက်ဘုန်းက လက်နက်ဆက်ကိုင်မယ်ဆိုတဲ့အကြောင်း၊ ၂၀၂၅ မှာ တခြားလက်နက်ကိုင်တွေနဲ့ပေါင်းပြီး စစ်ရှိန်မြှင့်မယ်ဆိုတဲ့အကြောင်း၊ ဘုံရန်သူကို အမြစ်ပြတ်တိုက်ထုတ်မယ်ဆိုတဲ့အကြောင်းတွေ ပြောလာတာလည်း မြင်ရပါသေးတယ်။ ဒီ တပ်လှန့်သံဟာ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဝိုင်းဖျက်ကြမယ်လို့ ဆိုလိုရင်းကိုလည်း မြင်ရတဲ့အခြေအနေမို့လို့ ဒီ အခြေအနေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာနဲ့ ရွေးကောက်ပွဲဖြစ်သွားလို့ တိုင်းပြည်တည်ငြိမ်ရေးဘက်သွားတာနဲ့ ရွေးကောက်ပွဲပျက်ပြားပြီး အနှစ် ၂၀ လောက် စစ်ပွဲတွေကို ထိုင်ကြည့်မလားဆိုတာတွေဟာ ပြည်သူကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာလို့ ပြောရင်း ငရဲပန်းစစ်ပွဲထက်၊ ရွေးကောက်ပွဲနတ်လမ်းဆီ ပြည်သူရှေးရှုချိန် တန်ပါပြီ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။