၁၄. ၁. ၂၀၂၄
Written by Nyein Kyaw
ဧရာဝတီတိုင်းအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းအတွင်းရှိ ကိုကိုးကျွန်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တို့သည် ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ရန်ကုန်မြို့ အမှတ် (၄) ရေတပ်ဗောတံတားမှလည်းကောင်း၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်မြို့၊ အမှတ်(၂)ရေတပ် ဆိပ်ခံတံတား(သန်လျင်)မှလည်းကောင်း အသီးသီးထွက်ခွာကြရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုစစ်သည်များနှင့် သူနာပြုရဲမေများ လိုက်ပါသွားကာ ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ရောဂါဗေဒပါရဂူများဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသခြင်း၊ ECG စက်၊ ဓာတ်မှန်ရိုက်စက်များဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ဆေးရုံတင်ကုသမှုများဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)ပေါ်တို့တွင် လူနာ(၃၀)ဦး အထိလည်းကောင်း၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ပေါ်တွင် လူနာ(၂၅)ဦးအထိ လည်းကောင်း တင်ဆောင်ကုသနိုင်သည့် ခွဲစိတ်ခန်း၊ သားဖွားမီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်များလည်းပါရှိကြောင်း သိရသည်။