◾ နိုင်ငံခြားငွေ တရားမဝင်ရောင်းချသူများ အရေးယူနိုင်ရန် အရှိန်မြှင့် ဆောင်ရွက်နေပြီး လူ ၁ဝ ဦး၊ Group ၁၂ ခုနှင့် Page ၅ ခုပါ အရေးယူနိုင်ရန် ဆောင်ရွက်နေ
MT News
၁၄. ၁. ၂၀၂၅
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၂၆ ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူပုဂ္ဂိုလ် ၉ ဦးအား အမှုဖွင့် အရေးယူထားပြီးဖြစ်သကဲ့သို့ ၆ ဦးအား တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ယခု ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ မဖြစ်စေရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သော နိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလွှဲကောင်တာများတွင် ရောင်းချခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ယင်းဥပဒေအရ ထုတ်ပြန်သော ညွှန်ကြားချက်များကို နိုင်ငံခြားငွေများလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လိုက်နာ ဆောင်ရွက်စေရန်အတွက် နိုင်ငံခြားငွေလဲကောင်တာများအား စစ်ဆေးလျက်ရှိသည့်အပြင် လိုင်စင် မရှိဘဲ အရောင်းအဝယ်ပြုလုပ်နေသူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး Hundi လုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်စောသတင်း ပေါ်ပေါက်သူများအား စစ်ဆေးမေးမြန်းခြင်းနှင့် ယင်းကျော်စောသူများ၏ ဘဏ်စာရင်းများနှင့် ဘဏ်စနစ်ကို အသုံးပြုပြီး ငွေလွှဲပြောင်းခြင်းများအားစိစစ်၍ အရေးယူနိုင်ရေးကိုလည်း ဆောင်ရွက်လျက် ရှိသည်။
လက်ရှိကာလတွင်လည်း အရေးယူဆောင်ရွက်လျက်ရှိရာ၌ သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၂၆ ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူပုဂ္ဂိုလ် ၉ ဦးအား အမှုဖွင့် အရေးယူထားပြီးဖြစ်သကဲ့သို့ ၆ ဦးအား တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တရားမဝင်နိုင်ငံခြားငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ဆောင်ရွက်လျက်ရှိသည့် Facebook Group များဖြစ်သော Gold Price Ygn (ဒေါ်လာ/ရွှေကုန်သည်များဂရု) (Private Group)၊ နေ့စဉ် ရွှေဈေး၊ ငွေဈေး Public Group၊ USD Exchange Myanmar Public Group၊ Daily Exchange Rates For Myanmar (USD/SGD/EURO/AUD/BAHT) Public Group၊ ငွေလွှဲနှုန်း Singapore-Myanmar Public Group၊ Thai TH MyanmarMM Currency Public Group ၊ နိုင်ငံတကာငွေကြေးဈေးနှုန်းများ Public Group၊ ယူရိုဒေါ်လာ ရောင်းဝယ်ပို့ဆောင်သူများ ဆုံဆည်းရာ Public Group၊ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း (Currency Exchange) Private Group၊ ကမ္ဘာ့ရွှေ၊ မြန်မာ့ရွှေ၊ ရေနံ၊ စတော့ရှယ်ယာ နှင့် နိုင်ငံတကာငွေကြေးဈေး ကွက် Public Group၊ ရွှေဈေး၊ ငွေဈေး၊ ဒေါ်လာဈေး (SS) Public Group၊ ဂျပန်၊ မြန်မာ ငွေလွှဲ/ငွေပို့ဝန်ဆောင်မှု Public Group နှင့် Facebook Page များဖြစ်သော ရွှေစျေး ငွေစျေး Facebook Page၊ ရွှေစျေး Facebook Page၊ အခေါက်ရွှေဈေး Facebook Page၊ MC Exchange Facebook Page၊ Golden Myanmar Facebook တို့အပြင် လူပုဂ္ဂိုလ်များ နှင့် Facebook Account ပိုင်ရှင်များဖြစ်သော ကျော်ကျော်ဦး၊ ၁၃/လရန(နိုင်) ၁၈၈၈၅၈ ၊ ကျော်ထွန်းလင်း၊ ၉/ပမန(နိုင်)၁၉၁၇၅၀ ၊ သိန်းတိုးအောင် ၊ ၁၃/ကလန(ဧည့်) ၀၀၀၆၂၅ ၊ ရင်ရင်မျိုး၊ ၁၃/လရန (နိုင်) ၁၉၁၂၁၈ ၊ကောင်းမြတ်ကျော် ၊ ၁၂/ ရကန (နိုင်) ၀၈၉၁၆၆ ၊ လုံဖူး၊ ၁၃/ဟပတ (နိုင်) ၀၁၄၂၀၈ ၊ နှင်းခရေ ၊ ၈/ရစက(နိုင်)၂၅၇၀၀၄ ၊ Tat Lu (Zayar Tun) Facebook Account၊ Kyaw Thiha Facebook Account၊ Mali Kha Facebook Account တို့ကိုလည်း စစ်ဆေးအရေး။လျက်ရှိကြောင်း သိရသည်။
ထို့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပေးထားသည့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြား ငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။