၁၄.၁.၂၀၂၅
Translated by Htwe Ko Tun
လာမယ့် တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း ထိုင်းနိုင်ငံဆီ ခရီးသွားကြဖို့ တရုတ်ခရီးသွားအုပ်စုတွေက ဟိုတယ်နဲ့လေကြောင်းလိုင်းတွေကို ကြိုတင်စာရင်းသွင်းထားကြတာကို အစုလိုက်အပြုံလိုက် ပြန်လည်ဖျက်သိမ်းမှုပြုလုပ်နေကြတယ်လို့ သိရပါတယ်။
အုပ်စုလိုက်မဟုတ်ဘဲ သီးခြားခရီးသွားကြတဲ့ တရုတ်ခရီးသွားတွေကလည်း ထိုင်းနိုင်ငံအတွင်း နေထိုင်ရာမှာ လုံခြုံစိတ်ချရမှုရှိဖို့ စိုးရိမ်လာကြတာကြောင့် ထိုင်းနိုင်ငံကို လာရောက်ဖို့ စီစဉ်မှုတွေ နှေးကွေးနေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ဟောင်ကောင်က အဆိုတော်နဲ့ရုပ်ရှင်မင်းသား Eason Chan ဟာ ထိုင်းနိုင်ငံသို့ လာရောက်မယ့် တရုတ်လူမျိုးပရိသတ်တွေရဲ့လုံခြုံစိတ်ချရမှုကို စိုးရိမ်လို့ဆိုပြီး သူ့ရဲ့ထိုင်းနိုင်ငံမှာ လုပ်ဖို့ စီစဉ်ထားတဲ့ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီအပတ်အတွင်း ဟောင်ကောင်လုံခြုံရေးဗျူရိုကလည်း သူတို့နိုင်ငံသားတွေ အရှေ့တောင်အာရှဒေသထဲမှာ အလုပ်အကိုင်ကောင်းကောင်းရမယ်ဆိုတဲ့ သွေးဆောင်ဖြားယောင်းမှုတွေနဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေရဲ့ နောက်ယောင်ခံစုံစမ်းဖို့ အလုပ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားနဲ့အားကစားဝန်ကြီးဌာန အတွင်းဝန် နတ်တရီယာ သာဝီဗွန်က ဟောင်ကောင်လုံခြုံရေးအရာရှိတွေကလည်း ဟောင်ကောင်က ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ထိုင်းနိုင်ငံအတွင်း လှည့်ဖြားခံရတာ ဒါမှမဟုတ် ပြန်ပေးဆွဲခံရတာမျိုးမရှိခဲ့ဘူးလို့ အတည်ပြုခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ခုလိုဖြစ်ခဲ့ရတဲ့ ဟောင်ကောင်နိုင်ငံသားတွေဟာ တောင်အာရှဒေသကို ပစ္စည်းတွေပို့ဆောင်ဖို့ ငှားရမ်းခံထားရသူတွေဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းဝင်ရောက်ဖို့ လှည့်ဖြားဆွဲဆောင်ခံကြရတယ် ဆိုပါတယ်။
ဟောင်ကောင်အာဏာပိုင်တွေကလည်း ဟောင်ကောင်ပြည်သူတွေကို လစာကောင်းတဲ့အလုပ်မျိုးရဖို့ အခွင့်အလမ်းတွေရှိတယ်လို့ ချဉ်းကပ်ကမ်းလှမ်းလာခဲ့ရင် အထူးသတိရှိကြဖို့ တိုက်တွန်းထားတယ်လို့ နတ်တရီယာက ပြောခဲ့ပါတယ်။ နတ်တရီယာက “အခုဆိုရင် ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ လုံခြုံစိတ်ချရမှုနဲ့ဘေးကင်းမှုတို့အတွက် ဆောင်ရွက်ချက်တွေပြုလုပ်နေပြီး ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ကိုလည်း လိုအပ်တဲ့အထောက်အပံ့အတွက် ၂၄ နာရီအထောက်အကူပေးဖို့ဆောင်ရွက်ထားတယ်ဆိုတာ ခရီးသွားနဲ့အားကစားဝန်ကြီးဌာနက ဟောင်ကောင်က ယုံကြည်လက်ခံအောင်ပြောကြားနိုင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။
ဒါပေမယ့် ထိုင်းဟိုတယ်များအသင်း(THA) ရဲ့ ဥက္ကဋ္ဌ ပရာချွမ်း တန်တီပရာဆပ်ဆွတ်ကတော့ “အခုအခါမှာ တရုတ်ခရီး သွားအုပ်စုတွေ အဓိကတည်းခိုကြတဲ့ ခရီးသွားအချက်အချာနေရာတွေက ဟိုတယ်တွေမှာလည်း လာရောက်လည်ပတ်ဖို့ စာရင်းသွင်းထားတာ ပယ်ဖျက်မှုတွေ လက်ခံရရှိနေတယ်။ အထူးသဖြင့်တေ့ာ ဘန်ကောက်မြို့မှာဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။
မစ္စစ်ပရာချွမ်းက ဟိုတယ်တွေအနေနဲ့ခရီးသွားတွေရဲ့ ယုံကြည်စိတ်ချရမှုတွေရရှိအောင်ပြန်လုပ်ပြီး ရေတိုကာလအတွင်း ခရီးသွားတွေကျဆင်းနိုင်မှုကို တားဆီးဖို့ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါတယ်။ တရုတ်မင်းသား Wang Xing ကို လူကုန်ကူးမှုမခံရစဉ်က ထိုင်းနိုင်ငံရှိဟိုတယ်တွေဟာ တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွက် ကြိုတင်စာရင်းပေးသွင်းမှုတွေအများအပြားရခဲ့ပြီး မနှစ်ကထက်တောင် သာလွန်ခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းလိုင်းတွေဆိုရင်လည်း တရုတ်ခရီးစဉ်တွေဆီက စင်းလုံးလေယာဥ်ငှားမှုတွေ လျော့ကျသွားတာ၊ တရုတ်ခရီးသည်တွေဆီက ထိုင်းနိုင်ငံလေကြောင်းခရီးစဉ်တွေကို ကြိုတင်စာရင်းသွင်းမှုတွေ ဖျက်သိမ်းတာတွေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Ref- Bangkok Post