၁၄. ၁. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရာကန်ပြည်နယ်ရှိ ဟိုတယ်တစ်ခု၏ အခန်းတစ်ခန်းအတွင်း အတူနေထိုင်သည့် တရုတ်နိုင်ငံသား ၁၄ ဦးကို ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်။
စမွတ်ပရာကန်ပြည်နယ်ရှိ ဟိုတယ်တစ်ခုတွင် အခန်းတစ်ခန်းတည်းနေထိုင်သည့် တရုတ်နိုင်ငံသား ၁၄ ဦးကို သက်ဆိုင်ရာ နိုင်ငံသားတစ်ဦးထံမှ သတင်းပေးချက်အရ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရပြီး အဆိုပါအဖွဲ့အား ဘန်ဖလီခရိုင်၊ ရာချာသီဝခရိုင်ခွဲမှ Soi King Kaew ရှိ ဟိုတယ်တစ်ခု၏ အခန်းနံပါတ် ၁၁၄ တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
စမွတ်ပရာကန် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၏ အကြီးအကဲ ရဲမှူးကြီး Sumet Chenwongpitak က အဆိုပါ ဟိုတယ်တွင် တရုတ်နိုင်ငံသား အများအပြား တည်းခိုနေပြီး မသင်္ကာဖွယ်လှုပ်ရှားနေကြောင်း သတင်းများရရှိပြီးနောက် စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ပြီး ထိုဖြစ်စဥ်မှ ဖမ်းဆီးခံရသူ ၁၄ ဦးအနက် ၉ ဦးသည် လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ကြောင်း တွေ့ရှိခဲ့သည်။ တရားမ၀င် ဝင်ရောက်မှုဖြင့် တရားစွဲခံထားရသည့် ခြောက်ဦးမှာ မစ္စတာဇား (၃၀)နှစ်၊ မစ္စတာဟွာ (၂၈)နှစ်၊ မစ္စတာလျူ (၂၄)နှစ်၊ မစ္စတာဟယ် (၂၉)နှစ်၊ မစ္စတာကျန်း (၂၇)နှစ်နှင့် မစ္စတာဝမ် (မစ္စတာဝမ်)၊ ၂၆) တို့ဖြစ်ပြီး အခြားသုံးဦးဖြစ်သည့် မစ္စတာတိန်း (၃၄ နှစ်)၊ မစ္စတာကျိုး (၄၀) နှင့် မစ္စတာလိုင် (၁၉ နှစ်) တို့ကိုမူ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှုဖြင့် တရားစွဲထားသည်ဟု သိရသည်။ အသက် ၂၃ နှစ်မှ ၃၀ နှစ်ကြား အမျိုးသားလေးဦးနှင့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ အပါအဝင် ကျန်ငါးဦးကမူ ထိုင်းနိုင်ငံအတွင်း တရားဝင်ရောက်ရှိနေကြောင်း တွေ့ရှိခဲ့သည်။
တရားခံများကို စစ်ဆေးမေးမြန်းစဉ်တွင် ၎င်းတို့သည် မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှု ကျူးလွန်သည့် တရုတ်ကျားဖြန့်ဂိုဏ်းများတွင် လုပ်ဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် မြန်မာအာဏာပိုင်များ၏ စစ်ဆင်ရေး ဖိအားများ တိုးမြင့်လာခြင်းကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့ရသည်ဟု ထွက်ဆိုခဲ့ကြသလို လက်ရှိတွင် လိုအပ်သည့်အရေးယူမှုပြုလုပ်ရန် ဆက်လက်စိစစ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း တရုတ်သရုပ်ဆောင် Xingxing၊ တရုတ်မော်ဒယ် Yang Zeki နှင့် ဘွဲ့ရပြီးစ အသက် ၂၁ နှစ်အရွယ် တရုတ်အမျိုးသမီးငယ် Wu Jiaqi တို့ကို မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းရှိ တရုတ်ကျားဖြန့်ဂိုဏ်းများက ပြန်ပေးဆွဲခဲ့ပြီး Xingxing နှင့် Wu Jiaqi တို့ကို ကယ်တင်နိုင်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် လုံခြုံစိတ်ချရမှုအပေါ် အဆိုးမြင်မှုများဖြစ်ပေါ်စေခဲ့သလို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပြင်းထန်စွာ စိစစ်မှုထွက်ပေါ်လာခဲ့သည်။ ထို့အပြင် လူဝင်မှုကြီးကြပ်ရေးဗျူရို၏ ကွပ်ကဲရေးမှူး ဒုတိယရဲမှူးချုပ် ပန်နူမက်စ် ဘွန်းယလပ်က တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်သွားလာမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များအားလုံးကို အရှိန်အဟုန်ပြင်းပြင်းဖြင့် စိစစ်ရန် ညွှန်ကြားထားသည့်အပြင် လူဝင်မှုကြီးကြပ်ရေး Hot Line 1178 ကိုလည်း နိုင်ငံခြားသားများနှင့် ပတ်သက်သည့် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို အများပြည်သူက သတင်းပေးပို့ရန် တိုက်တွန်းထားသည်။