◾ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လက်စ်ခရိုင်အတွင်း လောင်ကျွမ်းနေသောတောမီးကြောင့် သေဆုံး သူ ၂၄ ဦးရှိပြီး အများအပြားပျောက်ဆုံးနေ
၁၄.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လက်စ်ခရိုင်အတွင်း လောင်ကျွမ်းနေသောတောမီးက တစ်ပတ်နီးပါးခန့် ကြာလာခဲ့ပြီဖြစ်ပေမယ့် မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ဖို့ အကျပ်အတည်းအခြေအနေထဲမှာပဲရှိနေသေးတယ်လို့ နောက်ဆုံးသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရာမှာ တိုးတက်မှုတွေရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။ ဒါပေမယ့် အမျိုးသားရာသီဥတုဌာနက ဒေသအတွင်းလေပြင်းတိုက်ခတ်မှုက တစ်နာရီကို မိုင် ၇၀ နှုန်းလောက်အထိ တိုးမြင့်လာနိုင်တယ်လို့ သတိပေးချက်ထုတ်ထားပါတယ်။ လေပြင်းတိုက်ခတ်မှုနှုန်း မြင့်မားလာတာက တောမီးလောင်ကျွမ်းမှုအသစ်တွေကို ထပ်မံဖြစ်ပွားစေပြီး မီးလောင်ကျွမ်းမှုကို ဆက်လက်ဖြစ်ပွားစေမှာပါ။
ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နျူဆမ်က တောမီးလောင်ကျွမ်းမှုမှာ ဇန်နဝါရီလ ၁၃ ရက်အထိ သေဆုံးသူ အနည်းဆုံး ၂၄ ဦးရှိခဲ့ပြီး ပျောက်ဆုံးနေသူအများအပြားရှိနေသေးတဲ့အတွက် သေဆုံးသူဦးရေက တိုးလာနိုင်ဖွယ်ရှိနေသေးတယ်လို့ ပြောခဲ့ပါတယ်။
အာဏာပိုင်တွေက လက်ရှိမှာ လော့စ်အိန်ဂျယ်ခရိုင်အတွင်း ပြည်သူ ၉၂,၀၀၀ ကျော်က ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ကြဖို့ အမိန့်ပေးချက်တွေအောက်မှာရှိနေကြပြီး ၈၉,၀၀၀ ခန့်ကိုတော့ ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်သင့်တယ်လို့ သတိပေးထားတယ်လို့ပြောခဲ့ကြပါတယ်။
လော့စ်အိန်ဂျယ်လက်စ်ခရိုင်အတွင်း တောမီးလောင်ကျွမ်းမှု ခြောက်နေရာဖြစ်ခဲ့တဲ့အထဲမှာ Eaton နဲ့ Palisades ဝန်းကျင်ဒေသတွေမှာဖြစ်ခဲ့တဲ့တောမီးတွေက ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဒုတိယမြောက်နဲ့ စတုတ္ထမြောက်ပျက်စီးဆုံးရှုံးမှု အများဆုံးတောမီးတွေလို့လည်းဆိုပါတယ်။ လက်ရှိလောင်ကျွမ်းနေဆဲ တောမီးသုံးခုဖြစ်တဲ့ Eaton, Palisades နဲ့ Hurst ဝန်းကျင်ဒေသတွေမှာလောင်ကျွမ်းမှုက စုစုပေါင်း ၆၀ စတုရန်းမိုင်ထက် ကျော်လွန်သွားပြီဖြစ်လို့ ပြင်သစ်နိုင်ငံမြို့တော်၊ ပါရီမြို့ထက်တောင် ပိုမိုကျယ်ပြန့်တဲ့ ပမာဏ ဖြစ်လာပြီလို့ သိရပါတယ်။
AccuWeather ရာသီဥတုဌာနကတော့ လေ့ာစ်အိန်ဂျယ်လက်စ်တောမီးကြောင့် စုစုပေါင်းပျက်စီးမှုနဲ့စီးပွားရေး ဆုံးရှုံးမှုတွေက ရှေးဦးခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ ဘီလျံ ၂၅၀ မှ ၂၇၅ ဘီလျံအကြားရှိမယ်လို့ ဇန်နဝါရီလ ၁၃ ရက်မှာ ပြောခဲ့ပါတယ်။
Ref- CNN