၁၄. ၁. ၂၀၂၄
Written by Nyein Kyaw
အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၁၇၄ ခုမှတစ်ဆင့် အသင်းဝင်ဦးရေ သုံးသန်းကျော်သို့ ကျပ်နှစ်ဘီလျံကျော်အထိ ထုတ်ချေးပေးထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၅) အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် ပြည်ပကုမ္ပဏီ ၅၃ ခု၊ ပြည်တွင်းကုမ္ပဏီ ၁၁၂ ခုနှင့် အစုစပ်ကုမ္ပဏီကိုးခု စုစုပေါင်း ၁၇၄ ခုရှိပြီး ယင်းကုမ္ပဏီများမှ တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်၊ ရပ်ကွက် ၂၃၀၀ နှင့် ကျေးရွာပေါင်း ၂၇,၀၀၆ ရွာရှိ အသင်းဝင်ဦးရေ ၃ ဒသမ ၂၂၈ သန်းသို့ ငွေကျပ် ၂၀၁၁ ဒသမ ၀၇၇ သန်း (ကျပ် ၂ ဘီလျံကျော်) ထုတ်ချေးထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
အသေးစားငွေရေး ကြေးရေးလုပ်ငန်းကုမ္ပဏီများအနေဖြင့် ဝင်ငွေနည်းပြည်သူများသို့ ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီများအနေဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် MSME လုပ်ငန်းကဏ္ဍများ တိုးတက်စေရေးအတွက်ကိုလည်း ချေးငွေများ ထုတ်ချေးပေးထားကြောင်း သိရသည်။
ကော်မတီအနေဖြင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီများအား ကော်ပိုရိတ်အသက်အာမခံကိုယ်စားလှယ် ဆောင်ရွက်ခွင့်ပြုခြင်း၊ Digital Financial Services များအသုံးပြု၍ ချေးငွေပြန်လည်ကောက်ခံခြင်းနှင့် ချေးငွေရယူသူ၏ငွေစာရင်းသို့ ချေးငွေထုတ်ချေးခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။