၁၃. ၁. ၂၀၂၄
Written by Phyo Wei
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာအောင် ကုန်ထုတ်လုပ်မှုမြင့်မားစေရေး အထောက်အကူပြု သုတေသနလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ရမယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတဲ့ ရက်သတ္တပတ်မှာပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၀၄ သန်းကျော် ဝင်ရောက်ခဲ့ရာမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို ဝင်ရောက်မှုက ၈၈ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့တာကို တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ဇန်နဝါရီလအတွက် ရည်ညွှန်းဆန်ဈေးနှုန်း ထုတ်ပြန်ရာမှာ ဆန်သစ်နဲ့ဆန်ဟောင်း နှစ်မျိုးလုံးအတွက် ဈေးနှုန်းထုတ်ပြန်ပေးခဲ့ပြီး ပြည်တွင်းစားဆန်အချို့ ဈေးနှုန်းအနည်းငယ်ကျဆင်းလာတာ၊ ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပြီးနောက်မှာ ဆန်နဲ့ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့ပြီး အခုဘဏ္ဍာနှစ် ၉ လအတွင်း တန်ချိန် ၂ သန်းကျော်တင်ပို့နိုင်ခဲ့လို့ ဒေါ်လာသန်း ၉၅၀ ခန့် ရရှိထားတာ၊ Mytel ကို အမေရိကန်ပိတ်ဆို့တာ၊ ၂၀၂၄ ခုနှစ်အတွင်း ဆက်သွယ်ရေး၊ ငွေရေးကြေးရေးနဲ့ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေက စားသုံးသူတိုင်ကြားမှု အများဆုံးခံခဲ့ရတယ်လို့ စီးပွားကူးသန်းဝန်ကြီး ပြောကြားလာတာ စတဲ့ဖြစ်စဉ်တွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကိုတော့ ထိုင်းကွန်ဒိုတွေကို မြန်မာနိုင်ငံသားတွေ ဝယ်ယူမှုလျော့ကျပေမဲ့ ပြင်ပနိုင်ငံသားတွေဝယ်ယူမှုစာရင်းမှာတော့ ဒုတိယနေရာမှာပဲ ဆက်ရှိနေတဲ့အကြောင်း၊ လာမယ့်နွေရာသီမီးလင်းဖို့ LNG နဲ့ လျှပ်စစ်ထုတ်နိုင်ရေး ကော်မရှင်ဖွဲ့ထားတယ်ဆိုတဲ့အကြောင်းနဲ့ မြန်မာ့ခရီးစဉ်တွေရဲ့ ပကတိအခြေအနေမှန်အကြောင်းတွေကို သုံးသပ်ချင်မိပါတယ်။
◾ ဝယ်ယူမှုလျော့ကျပေမဲ့ မြန်မာက ဒုတိယလိုက်ဆဲ ထိုင်းကွန်ဒို
ထိုင်းနိုင်ငံက ကွန်ဒိုအခန်းတွေကို မြန်မာနိုင်ငံသားတွေ ဝယ်ယူမှုဟာ မြန်မာအစိုးရက နိုင်ငံခြားငွေ ပြည်ပစီးထွက်မှု တန့်သွားစေဖို့ ဆောင်ရွက်ချိန် ဖမ်းဆီးမှုတချိုကြောင့် လျော့ကျသွားခဲ့ပေမယ့် ၂၀၂၄ ခုနှစ်ရဲ့ ပထမကိုးလအတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုမီနီယံဝယ်တဲ့ နိုင်ငံခြားသားတွေထဲ တရုတ်နိုင်ငံသားတွေပြီးရင် မြန်မာနိုင်ငံသားတွေက ဒုတိယနေရာမှာ ဆက်ရှိနေတယ်လို့ သိရပါတယ်။
ဒါဟာ မြန်မာနိုင်ငံသားတွေရဲ့ ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှုက ရုရှားနိင်ငံသားတွေကို သာလွန်လာခဲ့တာ လည်းဖြစ်ပြီး ထိုင်းနိုင်ငံက အိမ်ရာလုပ်ငန်းတစ်ခုဖြစ်တဲ့ Cushman & Wakefield မှ သုတေသနအကြီးအကဲနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဆူရာချတ် ကုံချိ ကတော့ ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုတချို့ကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ကွန်ဒိုမီနီယံ အခန်းဝယ်ယူမှုက ခေတ္တရပ်ဆိုင်းသွားခဲ့ပေမယ့် အခုအခါ ဝယ်ယူမှုတွေ ပြန်လည်စတင်နေပြီလို့ သုံးသပ်ခဲ့ပါတယ်။ အိမ်ခြံမြေသတင်းအချက်အလက်ဗဟို (REIC) ရဲ့ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း မြန်မာနိုင်ငံသားတွေ ကွန်ဒိုအခန်းတွေဝယ်ယူမှုက ဘတ်ငွေ ၅ ဒသမ ၄၆ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၁,၀၅၀ ခန်းရှိပြီး ဒီပမာဏက ၂၀၂၃ ခုနှစ်တစ်နှစ်ပတ်လုံးမှာ မြန်မာနိုင်ငံသားတွေ ဝယ်ယူတဲ့ ကွန်ဒိုအခန်း ၅၆၄ ခန်း၊ ဘတ်ငွေ ၃ ဒသမ ၇ ဘီလျံ ဝယ်ယူမှုထက်များစွာ မြင့်တက်လာခဲ့တယ်ပြောပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်က ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလျံဖိုးရှိ ကွန်ဒို အခန်းပေါင်း ၃၄၉ ခန်းဝယ်ယူမှုထက်လည်း များပြားနေပြီး နွေဦးတော်လှန်ရေးအစ ၂၀၂၁ ခုနှစ်က ကွန်ဒိုအခန်း ၃၀ နဲ့ ဘတ်ငွေ ၂၇၄ သန်းဖိုးပဲဝယ်တာနဲ့ ချိန်ဆမယ်ဆိုရင် သုံးနှစ်အတွင်းမှာ အဆပေါင်း ဆယ်ချီမြင့်တက်လာခဲ့တာကို မြင်ရပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်ဟာလည်း နစက ရွေးကောက်ပွဲ၊ တိုက်ပွဲနယ်ပယ်ကျယ်ပြန့်လာမှု၊ NUG၊ PDF၊ EAOs တွေရဲ့ နောက်ဆုံးသော အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ဖို့ရှိနေတာကြောင့် မြန်မာ့အိမ်ခြံမြေစျေးကွက်ကလည်း မာမာအေးပုံစံဆက်ရှိနေနိုင်သလို ထိုင်းကွန်ဒိုကလည်း ပိုအဝယ်လိုက်နိုင်တယ်ဆိုတာလည်း မှန်းဆကြည့်လို့ရပါတယ်။
◾ LNG ကော်မရှင်
ရွှေလီ၊ ရွှေကျင်နဲ့ ကျောက်ဖြူစီမံကိန်းတွေက လျှပ်စစ် ဓာတ်အားမဂ္ဂါဝပ် ၆၀၀ ခန့် မဟာဓာတ်အားလိုင်းထဲရောက်မှ နွေရာသီအဆင်ပြေနိုင်မှာဖြစ်ပေမဲ့လည်း လုံခြုံရေးကြောင့် မသေချာလို့ လျှပ်စစ်လိုအပ်ချက်ကာလတို ဖြေရှင်းရေး LNG ဓာတ်အားပေးစက်ရုံစီမံကိန်းတွေ တည်ဆောက်ဖို့ ကော်မရှင်ဖွဲစည်းထားတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ တာဝန်ရှိသူက MT News ကို ပြောလာပါတယ်။ လက်ရှိတစ်ရက်ကို ပျမ်းမျှ လျှပ်စစ် ၂၀၀၀ မဂ္ဂါဝပ်ခန့်၊ လိုအပ်ချက်ရဲ့ သုံးပုံတစ်ပုံကျော်သာ ထုတ်လုပ်ပေးနိုင်တာကြောင့် ကာလတို ဖြေရှင်းနိုင်ဖို့ LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို စီစဉ်နေတာလည်းဖြစ်ပြီး ရေတိုအပြင် ရေရှည်အတွက် တိုးတက်သုံးစွဲလာတဲ့ လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ဖို့ နိုင်ငံရဲ့ အရင်းအမြစ်တွေဖြစ်တဲ့ ရေ၊ နေ၊ လေ တို့က ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ ဓာတ်အားလိုအပ်ချက်က နှစ်စဉ် ၉ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲနေတာမို လျှပ်စစ်မီးသုံးစွဲသူတွေရဲ့ တစ်ရက်လိုအပ်ချက် လျှပ်စစ်ဓာတ်အား ပျမ်းမျှ ၄၄၀၀ မဂ္ဂါဝပ်ရှိပြီး မြန်မာနိုင်ငံရဲ့ ဓာတ်အားပေးစက်ရုံတွေရဲ့ အရင်းအမြစ် စုစုပေါင်း တပ်ဆင်စက်အင်အားဟာ မဂ္ဂါဝပ်၇၂၇၀ ကျော်ရှိလို့ စွမ်းအားပြည့် မောင်းနှင်လည်ပတ်နိုင်ရင် ၄၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်မှာဖြစ်ပေမဲ့လည်း အကြမ်းဖက်သောင်းကျန်းသူတွေက ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းတွေကို ဖျက်ဆီးထားတာကြောင့် စုစုပေါင်း ဓာတ်အား ၁၄၀၀ မဂ္ဂါဝပ်ခန့် လျော့နည်း ထုတ်လုပ်နေရတာဖြစ်လို့ မီးပေးချိန်လျော့ကျခဲ့တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေရတာဖြစ်ပါတယ်။
LNG ဟာလည်း စျေးကြီးတာကြောင့် နွေရာသီ ရေတိုဆိုရင်တောင် အချိန်ကာလအနည်းငယ်ပဲထုတ်လို့ရမယ့်အခြေအနေ ဖြစ်လာမယ့် အနေအထားပါ။ ဒီပုံစံဟာ ၂၀၂၁ ဖြစ်စဉ်ကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးသူတွေကို CDM ဆရာဝန်တွေက Cold Chain တွေ ဖြုတ်၊ ကိုဗစ်ကာကွယ်ကုသရေးပစ္စည်းတွေဖြုတ်ယူ သိမ်းဆည်းကြပြီး ကိုဗစ်ဆေးတွေက အာနိသင်မရှိဘူး၊ မထိုးနဲ့ ဖြန့်တဲ့အပြင် PDF တွေက ကိုဗစ်ကာကွယ်ဆေးထိုးရာနေရာတွေ လိုက်ဗုံးခွဲ၊ CDM မလုပ်တဲ့ ဆေးပညာအသိုင်းအဝိုင်းကို လိုက်သတ်ကြလို့ လူတွေက ပြည်သူတစ်ယောက်အနေနဲ့ ရပိုင်ခွင့် ကိုဗစ်ဆေးကို မထိုးကြတာမျိုး သတိရစရာပါ။ အဲဒီလို လုပ်ကြတာကြောင့် ကိုဗစ် တတိယလှိုင်းမှာ မိသားစုလိုက်သေကြေပျက်စီးကုန်မှ ကိုဗစ်ကာကွယ်ဆေးကို ခိုးပါထိုးကြတဲ့အခြေအနေမျိုးလည်း ကြုံခဲ့ရတာပါ။ ဘာဆိုင်လို့လဲလို့ မေးမယ်ဆိုရင်တော့ PDF နဲ့ EAOs တွေက ဓာတ်အားလိုင်းတွေ ဗုံးခွဲ၊ ဝန်ထမ်းတွေ သတ်ဖြတ်နေချိန်မှာ အားရဝမ်းသာ လက်ခုပ်တီးနေခဲ့ပြီး အခုအချိန်အထိ PDF နဲ့ EAOs တိုက်ခိုက်ဖျက်ဆီးထားလို့ မီးမမှန်တော့တာ၊ သူတို့သာ အဲဒီဓာတ်အားလိုင်းတွေ ပြင်ဆင်ပေးရင်၊ မတိုက်ခိုက်ရင် ငါတို့မီးမှန်မနေရင်တောင် အခုလောက်မဆိုးဘူးလို့ မတွေးနိုင်ကြသရွေ့၊ ဖျက်ဆီးမှု မကန့်ကွက်ရဲသရွေ့ PDF နဲ့ EAOs တွေက ဓာတ်အားလိုင်းတွေ တိုက်ခိုက်ဖျက်ဆီး ဆက်လုပ်နေမှာဖြစ်သလို ဒီလိုဖျက်ဆီးနေလို့လည်း လာမယ့် နွေဟာ စံချိန်တင်မီးပျက်မှု ကြုံရတော့မှာမို့ ဒီလိုအခြေအနေဟာ သက်ကြီးရွယ်အိုတွေအဖို့တော့ မထောင်းတာလှတဲ့အသက်ဘေးကို နီးလာဦးတော့မှာပါ။ အဲဒီလိုမျိုး နွေအပူကြောင့် မီးမလာ၊ မီးမလာလို့ သက်ကြီးရွယ်အိုတွေ တိမ်းပါးကုန်ကြရင် ကိုယ့်သွေးသားထိချိန်ကြရင် လျှပ်စစ်ဓာတ်အားလိုင်းတွေ ဗုံးခွဲဖျက်ဆီးနေတဲ့ PDF နဲ့ EAOs တွေလုပ်ရပ်ကို ဆက် လက်ခုပ်တီးကြဦးမလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။
◾ မြန်မာ့ခရီးစဉ်တွေရဲ့ ပကတိအခြေအနေမှန်
လုံခြုံစိတ်ချစွာသွားလာလည်ပတ်နိုင်တဲ့ မြန်မာ့ခရီးစဉ်တွေရဲ့ ပကတိအခြေအနေမှန်ကို ခရီးသွားတွေ အချိန်တိုတိုအတွင်းသိရှိအောင် အဓိကထား ဆောင်ရွက်ဖို့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဒီတစ်ပတ်မှာ မှာကြားလာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၉၆ ခုနှစ်တုန်းက မြန်မာ့ခရီးသွားနှစ်ကို အကောင်အထည်ဖော်ခဲ့ဖူးပြီး အဲဒီအချိန်တုန်းက နိုင်ငံရေးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်ချုပ်ရေးနိုင်ငံဆီ ခရီးသွားတွေ မလာဖို့ ကမ္ဘာကို ပြောခဲ့ဖူးတာလည်း တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလ ဦးသိန်းစိန်လက်ထက်မှာတော့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုက အမြင့်ဆုံး ငါးသန်းလောက်အထိ ရောက်ခဲ့ဖူးပေမဲ့ NLD အစိုးရဟောင်းလက်ထက် ၂၀၁၇ ခုနှစ်မှာ ရခိုင်နယ်စပ်က ဘင်္ဂါလီခိုးဝင်ပြဿနာကို စီမံခန့်ခွဲမှုမှားတာကြောင့် နိုင်ငံမဲ့နဲ့ လူ့အခွင့်အရေးခေါင်းစဉ်အောက်မှာ ကမ္ဘာလုံးဆိုင်ရာပြဿနာအဖြစ် ဆွဲသွင်းခံရာကနေ ခရီးသွား ထက်ဝက်နီးပါး ကျဆင်းသွားချိန်မှာ အဆိုးရွားဆုံးကတော့ ကိုဗစ်ကပ်ရောဂါကာလမှာ တစ်ကမ္ဘာလုံးက ခရီးသွားလုပ်ငန်းအားလုံး ပျက်သုဉ်းခဲ့တာပါ။ မြန်မာနိုင်ငံကတော့ ကိုဗစ်ကာလ ၂၀၂၂ ခုနှစ်မှာ ခရီးသွား ၂၂၀၀၀၀ ကျော်၊ ၂၀၂၃ မှာ ခရီးသွား ၁ ဒသမ ၂၈ သန်းဝင်ရောက်ပြီး ၂၀၂၄ ပထမ ၅ လမှာတော့ ကာလတူထက် ၆၃ ရာခိုင်နှုန်းတိုးတက်ပြီး ၅၃၀၀၀၀ ကျော်ဝင်ခဲ့တာကို တွေ့ရသလို ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ခရီးသွား သွားလာမှုများပြားရာဒေသတွေ ခရီးသွားသိန်းချီ ဝင်ခဲ့တာလည်း မြင်ရပါတယ်။
ဒါပေမဲ့လည်း သေချာစေ့ငုမယ်ဆိုရင် ခရီးသွားအများဆုံးနေရာက ဒီကာလမှာ ပုဂံ၊ ပျုမြို့ဟောင်းသုံးမြို့၊ ကလောဘက်နဲ့ ဧရာ၀တီတိုင်းက ငွေဆောင်၊ ချောင်းသာ တို့လောက်ပဲ ရှိတော့တာပါ။ ကျိုက်ထီးရိုးဟာလည်း KRF၊ KNU/ KNLA တို့ကို ကျိုက်ထိုမြို့ခံ လုပ်ငန်းရှင်တွေက ဆက်ကြေးကို တောင်းသမျှ ညှိနှိုင်းပေးနေလို့ ခရီးသွားဝင်တဲ့အခြေအနေပါ။ ဒါပေမဲ့ ပုဂံသွားရာ အမြန်လမ်းဘက်ကို နွားထိုးကြီး PDF က တက်ပြီး တိုက်ပွဲဆင်နွှဲ ဖမ်းဆီးနေတာ ထိန်းကျောင်းမှုမရှိသလို၊ ညောင်ဦးပကဖကလည်း NUG ညွန်ကြားချက်၊ အမိန့်နဲ့ ဘုရားဖျက်စစ်ပွဲ ဆင်နွှဲတော့မယ် ကြေညာထားတာပါ။ ကလောနဲ့ ရှမ်းပြည်ဘက်၊ ရွှေစက်တော်လိုနေရာတွေကလည်း ဒေသန္တရ ခရီးသွားအဆင့်ပဲ သွားလာရဲတော့တာများပြီး ငွေဆောင်၊ ချောင်းသာ၊ မော်တင်စွန်းကလည်း AA ခြောက်သံ တညံညံပါ။ မဆုတ်မနစ်တမ်းပြောရမယ်ဆိုလည်း မြန်မာ့ခရီးသွားဒေသအများစုက PDF ၊ EAO တွေနဲ့ တပ်ရဲ့ တိုက်ပွဲတွေကြား ၉၀ ရာခိုင်နှုန်းလောက် ပျက်ယွင်းသွားတာအမှန်ဖြစ်လို့ သွားလာလို့ရတဲ့ ဒေသဝန်းကျင်တွေ သွားဖို့လာဖို့သင့်တယ်လို့ သက်သေပြချင်ရင် နယ်မြေအရင်ရှင်းပေးပါလို့ တောင်းဆိုရင်း ဒီတစ်ပတ် စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။