၁၃.၁.၂၀၂၅
Written By Thandar
အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားလျှက် ဆရာတော်ရဲ့ တပည့်ရင်း အသျှင်ကုမာရ (ခ) ဦးဇင်းဘီလူးဦးစီးပြီး စေတနာရှင် အလှူရှင် သရုပ်ဆောင် အဆိုတော်တွေက နှစ်သစ်မင်္ဂလာ အလှူတော်မင်္ဂလာပွဲတော်ကို ပြာသိုလပြည့်နေ့ ရှင်တစ်ထောင် အခါတော်နေ့အဖြစ် သောတုဇန စာသင်သား သံဃာတော်တွေ သီလရှင်တွေနဲ့ မရှိဆင်းရဲသားဆိုက္ကားသမားတွေကို ဆွမ်းဆန်စိမ်း၊ အခြေခံစားသောက်ကုန်လှူဒါန်းခြင်းကို ဒီ ညနေပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“နှစ်ဟောင်းကုန်ဆုံးပြီးဖြစ်တဲ့ နှစ်သစ်မင်္ဂလာ အလှူတော်မင်္ဂလာပွဲတော်ကို ပြာသိုလပြည့်နေ့ ရှင်တစ်ထောင် အခါတော်နေ့ သောတုဇန စာသင်သား သံဃာတော်တွေ သီလရှင်တွေ ဆွမ်းဆန်စိမ်းလောင်းလှူဖြစ်တယ်။ အနှေး ယာဉ်ဆိုက္ကားသမားတွေကို အခြေခံစားသောက်ကုန်တွေ လှူဖြစ်တာပါ။ ခုလိုလှူဒါန်းခွင့်ရလို့လည်း ပီတိဖြစ်ပါတယ်။ ဦးဇင်းအနေနဲ့တတ်နိုင်သရွေ့ အလှူအတန်းတွေ အဆက်မပြတ်လှူဒါန်းသွားမှာပါ ” လို့ ဆရာတော် အသျှင်ကုမာရ (ခ) ဦး ဇင်းဘီလူးက မိန့်ကြားပါတယ်။
အဆိုပါ လှူဒါန်းမှုမှာတော့ ၂၀၂၅ ခုနှစ် နှစ်သစ်ကြိုဆိုတဲ့အနေနဲ့ နှစ်သစ်မင်္ဂလာ အလှူတော်မင်္ဂလာပွဲတော်ကို ပြာသိုလပြည့်နေ့ ရှင်တစ်ထောင် အခါတော်နေ့မှာ အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် ထူးအယ်လင်း၊ အဆိုတော်သရုပ်ဆောင်ထက်ယံ၊ သရုပ်ဆောင် နိုင်လူ စတဲ့သူတွေ တက်ရောက်ပြီး သောတုဇန စာသင်သား သံဃာတော် ၅၂၈ ပါးတို့ကို ဆွမ်းဆန်တော်လောင်းလှူဒါန်းခဲ့ပါတယ်။ ဒါ့ပြင် မယ်သီလရှင် ၁၀၀ ပါးတို့ကို ဆွမ်းဆန်တော်လောင်း လှူဒါန်းခဲ့သလို မရှိဆင်းရဲ နွမ်းပါးတဲ့ ဆိုက္ကားသမား အယောက် ၁၀၀ တို့ကို ဆန်၊ ဆီ ၊ ကော်ဖီမစ်၊ မုန့်၊ ခေါက်ဆွဲခြောက်စတဲ့ အခြေခံစားကုန်တွေနဲ့ ငွေကြေးတချို့ကို လှူဒါန်းခဲ့ကြပါတယ်။