MT News
၁၃.၁. ၂၀၂၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ကမ္ဘောဇဘဏ်ခွဲ(၃၇)အား သေနတ်ပြခြိမ်းခြောက်၍ ဝင်ရောက်လုယက်သူ အမျိုးသားတစ်ဦးအား ဘဏ်ဝန်ထမ်းများမှ ဝိုင်းဝန်းဖမ်းဆီးရာ လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ လမ်း ၄၀ ၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇)၌ လုယက်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကမ္ဘောဇဘဏ်ခွဲ(၃၇)အတွင်းသို့ ပြောက်ကျားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် အနက်ရောင်ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦး(စိစစ်ဆဲ)က ငွေလွှဲ/ငွေထုတ်ပြုလုပ်ဟန်ဆောင်ကာ ဝင်ရောက်လာပြီး ဘဏ်ကောင်တာအမှတ်(၄)ရှေ့အရောက် အသင့်ယူဆောင်လာသည့် သေနတ်ဖြင့် ဘဏ်ဝန်ထမ်းများအား ချိန်ရွယ်ခြိမ်းခြောက်၍ ၎င်းလွယ်လာသည့် ကျောပိုးအိတ်အတွင်း ငွေများ အား ထည့်ခိုင်းကာ လုယက်ယူဆောင်၍ ဘဏ်အတွင်းမှ ပြန်လည်ထွက်ခွာစဉ် ဘဏ်ဝန်ထမ်းများ နှင့် တာဝန်သိပြည်သူများက လုယက်သူအမျိုးသားအား ဝင်ရောက်လုံးထွေးဖမ်းဆီးရာ ၎င်းမှ သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သဖြင့် ဒုမန်နေဂျာဖြစ်သူ ဦးလမင်းကိုကို၏ဝဲဘက်လက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လုယက်မှုကျူးလွန်သူ တရားခံ အောင်ပြည့်ဖြိုး(ခ) ရောင်နီ(၃၂)နှစ်၊ (ဘ)ဦးညီညီ၊ မှန်တန်းရပ်ကွက်၊ အမရပူရမြို့နယ်နေသူအား လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားခံ အောင်ပြည့်ဖြိုး(ခ) ရောင်နီ အား မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်း၌ (ပ)၁၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၃၀၇ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံ အောင်ပြည့်ဖြိုး(ခ)ရောင်နီ၏ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၆ နာရီ ၅ မိနစ်တွင် ၎င်း၏မိဘနေထိုင်ရာ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ရှိ အိမ်သာအမိုးကြားမှ လက်လုပ်သေနတ်အတို ၂ လက်၊ ဂျင်ကလိ ၁၈ ချောင်း၊ တီရှပ်အင်္ကျီ ၁ ထည်တို့အားလည်းကောင်း၊ ည ၆ နာရီ ၂၀ မိနစ်တွင် ၎င်းငှားရမ်းနေထိုင်သည့် အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ၉ မမကျည် ၁၈ တောင့်၊ MDY 1W/59983 စူပါကတ်အမျိုးအစား ဆိုင်ကယ် ၁ စီး တို့အားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ တရားခံ အောင်ပြည့်ဖြိုး(ခ)ရောင်နီအား စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ၆ လပိုင်းခန့်က ခင်မင်ရင်းနှီးသူ ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာ(စိစစ်ဆဲ)နှင့်အတူ စဥ့်ကိုင်မြို့နယ်၊ တဘတ်စွဲကျေးရွာအနီးရှိ သရက်ခြံအတွင်း ဖွင့်လှစ်သော PDF အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် နေအိမ် များ၌ ထပ်မံရှာဖွေသိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများအား ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာထံမှ ဖုန်းဖြင့် ချိတ်ဆက်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာ ထံဖုန်းဖြင့် ဆက်သွယ်၍ PDF အဖွဲ့သို့ ငွေများအား အကြိမ်ကြိမ်ထောက်ပံ့ခဲ့ကြောင်းနှင့် အကြမ်းဖက်အဖွဲ့သို့ ထပ်မံငွေကြေးထောက်ပံ့ပေးရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ်(၃၇) အား ဝင်ရောက်ပစ်ခတ်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ အောင်ပြည့်ဖြိုး(ခ)ရောင်နီသည် ပြည်တွင်းသတင်းများအရ အမရပူရ PDF အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းအကြမ်းဖက်အဖွဲ့သို့ ငွေကြေးထောက်ပံ့ရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ် (၃၇)အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဝင်ရောက်လုယက်ခဲ့မှုကြောင့် ဘဏ်ဝန်ထမ်းတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။