၁၃.၁.၂၀၂၅
Written By Thandar
အနုပညာလမ်းကြောင်းပေါ်မှာ နယ်ပယ်စုံလျှောက်လှမ်းနေတဲ့ တေးရေး တေးဆို အဆိုတော် မိုးမိုး ကတော့ အနုပညာနဲ့ပတ်သက်ရင် ဟိုစပ်စပ်ဒီစပ်စပ်ပါတယ်လို့ ပြောခံရတာ နှစ်သက်ပေမယ့် ဟိုမရောက် ဒီမရောက်ဆိုတဲ့ စကားလုံးအပြောခံရမှာ အင်မတန်ကြောက်တယ်လို့ ရင်ဖွင့်လာပါတယ်။
“ကျွန်တော်နဲ့ ပတ်သက်ပြီး အပေါ်ခံရတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဟိုစပ်စပ်ဒီစပ်စပ်လို့ ပြောကြတယ်။ ပြောတာလည်း ခဏခဏကြုံရပါတယ်။ ကျွန်တော်က သီချင်းလည်းဆို၊ သီချင်းလည်းရေးတယ်။ သီချင်းတွေလည်း တီးတယ်။ ကိုယ့်သီချင်းတွေတင် တီးရတာအားမရသေးလို့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေ၊ ဖြိုးလေးတို့ ၊ Snare တို့၊ ဝိုင်းစုခိုင်သိန်း သီချင်းတွေလည်း ရေးလည်းရေးပါတယ် တီးလည်းတီးပါတယ်။ နောက်တစ်ခုက ကိုကြံ့@ကျော်ကျော်ဗိုလ်တို့နဲ့အတူ အငြိမ့်တွေပါ ဝင်ကပါတယ်။ ရုပ်ရှင်သရုပ်ဆောင်လည်း လုပ်ဖူးပါတယ်။ ဟိုစပ်စပ်ဒီစပ်စပ် စကားကို လက်လည်းလက်ခံပါတယ်။ နှစ်လည်း နှစ်သက်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကြောက်တဲ့ စကားတစ်ခွန်းတော့ ရှိပါတယ်ခင်ဗျ။ ဟိုမရောက် ဒီမရောက်ဆိုတဲ့ စကားပါ။ အဲ့လိုပြောခံရမှာတော့ အင်မတန်ကြောက်ပါတယ်”လို့ အဆိုတော် မိုးမိုးက ပြောပါတယ်။
သူဟာ အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်များစွာ ဖြတ်သန်းနေသလို တစ်ကိုယ်တော် သီချင်းခွေတွေ ထွက်ရှိထားပြီးတော့ တေးရေးဆရာတစ်ယောက်အနေနဲ့လည်း ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ ဂီတပိုင်းမှာလည်း တီးခတ်ဖန်တီးတတ်ပြီး သရုပ်ဆောင်ပိုင်းမှာ ဇာတ်ကားတချို့မှာ ပါဝင်သရုပ်ဆောင်သလို လက်ရှိ ခြေလှမ်းသစ်တစ်ခုအဖြစ် ဒါရိုက်တာတစ်ယောက်အနေနဲ့ “Ghost Hotel” တစ္ဆေဟိုတယ် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်သွားမှာလည်းဖြစ်ပါတယ်။
“ကျွန်တော့်အနေနဲ့ အဲဒါကြောင့် သီချင်းရေးတာ ဆိုတာ တီးတာ သရုပ်ဆောင်တာ အကုန်လုံးကို ရောက်ရှိတဲ့အဆင့်ရောက်အောင် ကြိုးစားခဲ့ပါတယ်။ အဲတော့ ကျွန်တော်ဒါရိုက်တာစ, လုပ်ပြီဆိုရင်လည်း ရောက်ရှိတဲ့ နေရာတစ်ခုရောက်အောင် ကျွန်တော်ကိုယ်တိုင်ကလည်း ကြိုးစားသွားပါမယ်။ ရှိတဲ့သူတွေ အားလုံးကလည်း ရောက်ရှိနေတဲ့နေရာ တစ်ခုရောက်အောင် တွန်းပို့ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီရုပ်ရှင်ဇာတ်ကားကိုလည်း အစွမ်းကုန်အသားကုန် ဖန်တီးသွားမှာဖြစ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။