၁၃. ၁.၂၀၂၅
Written by Thettant
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီနေ့ ဇန်နဝါရီ ၁၃ ရက်ကူးပြောင်းစ မနေ့ကညသန်းခေါင်ကျော် ၁ နာရီခန့်အချိန်မှာ ကျောက်စိမ်းတူးဖော်ထားရာကဖြစ်ပေါ်လာတဲ့ နွံကန်ပေါက်ကျမှု ဖြစ်ပွားခဲ့တာကြောင့် လူဆယ်ချီသေဆုံးခဲ့သလို နေအိမ်များစွာပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကနဦးသတင်းတွေနဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ပေါက်ကျတဲ့ နွံကန်ဟာ KIA ခွင့်ပြုချက်နဲ့ ကျောက်စိမ်းတူးနေတဲ့ ရတနာအဓိပတိကုမ္ပဏီရဲ့ နွံကန်ဖြစ်ပြီး ဒီမနက် ၁ နာရီကျော်က ပေါက်ကျမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးရဖွယ်ရှိသလို အိမ်ခြေ ၅၀ လောက်လည်း မျောပါပျက်စီးသွားတယ်လို့ ကရင်နီလူထုအသံက ဖော်ပြထားပါတယ်။
နွံကန်ပေါက်ကျမှုကြောင့် ဒီမနက် ၁၂ နာရီခန့် အချိန်အထိ သေဆုံးသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ် ၃ ဦး စုစုပေါင်း ၈ ဦးရဲ့ ရုပ်အလောင်းတွေကိုပဲ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်သူတွေကတော့ ဆက်ရှာလည်း တွေ့နိုင်ဖွယ်မရှိတော့တဲ့အခြေအနေလို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တွေက ဆိုပါတယ်။
စပေါ့ကျေးရွာဟာ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ရွာဖြစ်ပြီး ပေါက်ကျခဲ့တဲ့ နွံကန်က ကျောက်စိမ်းတူးဖော်ရေး ရာသီချိန်ကာလမှာ ရေကန်ထဲမြေစာဖို့ရာက မြေစာဝိတ်ပိမိလို့ ပေါက်ကျခဲ့ရတာလို့လည်း ဆိုပါတယ်။
ကျောက်စိမ်းအလွန်အကျွံတူးဖော်မှုများပြားတဲ့ ဖားကန့်မှာ မကြာခဏ နွံကန်ပေါက်ကျမှုတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လကလည်း ဖားကန့်မြို့နယ်၊ မနမှော်ကကျောက်စိမ်းလုပ်ကွက်ဟောင်း မြေပြိုတဲ့အတဲ့ လူ ၃၀ ကျော် သေဆုံးခဲ့ပါသေးတယ်။ (Photo / Nawng Lat Sumlut & KPV)