၁၃.၁.၂၀၂၅.
Translated by Htwe Ko Tun
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းတွင် ပြင်းထန်သောအဆက်မပြတ်မိုးရွာသွန်းမှုများနှင့်အတူ မြေပြိုမှုများ ဇန်နဝါရီလ ၁၂ ရက်ကဖြစ်ပွားခဲ့ရာက အနည်းဆုံး လူဆယ်ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မြေပြိုမှုတွေက Minas Gerais ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက် ညကတည်းက မိုးရေချိန် ၈၀ မီလီမီတာ( ၃ ဒသမ ၁ လက်မ) ခန့်အထိရွာခဲ့တဲ့ Ipatinga မြို့မှာပဲ လူကိုးယောက်သေခဲ့ရတယ်လို့ မြို့တော်ဝန်က ပြောခဲ့ပါတယ်။
မီးသတ်သမားတွေက ရှစ်နှစ်အရွယ်ကလေးငယ်ယောကျ်ားလေးတစ်ဦးကိုဆိုရင် မြေပြိုမှုကြောင့် ပြိုကျတဲ့ အိမ်တစ်အိမ်ရဲ့ အပျက်အစီးတွေအောက်က ဆွဲထုတ်ခဲ့ရပါတယ်။ ဒါပေမယ့် ကလေးငယ်က အသက်မရှိတော့ပါဘူး။
ဒါ့ပြင် အနီးက Bethania မြို့မှာလည်း တောင်စောင်းတစ်ခုမှာဆိုရင် လမ်းတစ်လျှောက်ရှိတဲ့အိမ်တွေ အကုန်ပြိုကျခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက အိမ်တွေရဲ့ အပျက်အစီးရွှံ့နွံတွေအောက်ကို ထိုးဆွရှာဖွေနေကြတာ တွေ့ရမှာပါ။ ဒီမြို့မှာတော့ မြေပြိုမှုမှာ မိသားစုဝင်လေးဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် လူတစ်ယောက်ကတော့ ပျောက်ဆုံးနေပါတယ်။
အိမ်နီးချင်း Santana do Paraiso မြို့မှာတော့ မြေပြိုမှုတွေအတွင်း လူတစ်ဦးသေဆုံးခဲ့ရပါတယ်။
လက်တင်အမေရိကရဲ့ အကြီးဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရာသီဥတု ဆိုးရွား ဖောက်ပြန်မှုကြောင့် သဘာဝဘေးတွေကို မကြာခဏ ခံစားနေရပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလနဲ့ မေလတို့အတွင်းနိုင်ငံတောင်ပိုင်းမှာ ရက်အတန်ကြာ ရေလွှမ်းမိုးခဲ့မှုကြောင့် လူ ၁၈၀ ကျော်သေဆုံးခဲ့ရပါသေးတယ်။
Ref- CBS 19