၁၃.၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အေးသာယာရပ်ကွက်၊ တော်ဝင် ၁၅ လမ်းတွင် ယနေ့(ဇန်နဝါရီ ၁၃ ရက် ) နံနက်အစောပိုင်းက ခြင်ဆေးခွေထွန်းရာမှ အိပ်ရာပေါ်သို့ မီးကူးစက်ကာ လူနေအိမ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
အလျား ပေ ၄၀၊ အနံ ပေ ၆၀ ရှိ ၅ ခန်းတွဲ လူနေအိမ် ၂ ထပ်ခွဲ Steel Structure အဆောက်အအုံရှိ မြေညီထပ် အလယ်ခန်းရှိ လူနေအိမ်ခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူနေအိမ်ခန်း ၁ ခန်းနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
လူနေအိမ်ခန်းမီးလောင်မှုနှင့်ပတ်သက်၍ အသက် ၄၄ နှစ်အရွယ် ဦးဇော်ဇော်အောင်ကို သန်လျင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၂ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ (ခ)ရပ်ကွက်၊ မင်္ဂလာလမ်း၊ ဘူတာစျေးတိုက်တန်းရှိ အုတ်ညှပ်၂ ထပ် မုန့်မျိုးစုံဆိုင်တွင် ယာယီသွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး ဝန်အားမနိုင်ဘဲ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။