၁၂.၁.၂၀၂၃.
translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားညီညွတ်ရေးပါတီ(BNP)က ဦးဆောင်လျက် လက်ရှိဝန်ကြီးချုပ်ဟစီနာ၏အစိုးရ နုတ်ထွက်ပေးရေးနှင့် လာမည့်ဒီဇင်ဘာလတွင် ပြုလုပ်မည့်အထွေထွေရွေးကောက်ပွဲကျင်းပပေးရန် ယာယီအစိုးရဖွဲ့စည်းပေးရေး တောင်းဆိုဆန္ဒပြပွဲများကို မြို့တော်ဒက်ကာနှင့် အခြားသောမြို့ကြီးကိုးမြို့တွင် ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့ကြသည်။
အတိုက်အခံပါတီဖြစ်သော BNP က ဝန်ကြီးချုပ် ဟစီနာ အစိုးရနုတ်ထွက်ပေးရေးအတွက် ဆန္ဒပြပွဲများကို နေထိုင်မှုစရိတ်များမြင့်မားလာ၍ ပြည်သူများ၏ မကျေနပ်မှုများနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကပင် စတင်ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အာရှတိုက်တွင် စီးပွားရေး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာနေသောနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ သိုသော် ရုရှား-ယူကရိန်း စစ်ပွဲနှင့်ဆက်စပ်၍ တစ်ကမ္ဘာလုံး လောင်စာဆီစျေးကြီးမြင့်မှုနှင့် စားနပ်ရိက္ခာစျေးမြင့်မားလာမှုကိုခံနေရချိန်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အောက်ခြေဆင်းရဲသား ပြည်သူများအတွက် ထောက်ပံ့မှုများ ပိုမိုပြုလုပ်ပေးရန် လိုအပ်လျက်ရှိနေသည်။
အတိုက်အခံပါတီများနှင့် လူ့အခွင့်အရေးအုပ်စုများက ဆန္ဒပြပွဲများအား အကြမ်းဖက်နှိမ်နင်းခဲ့မှုကြောင့် အစိုးရအား ဝေဖန်ပြောကြားမှုများ ပြုလုပ်ခဲ့ကြသည်။
ဇန်နဝါရီ ၁၁ ရက်ဆန္ဒပြမှုများတွင် နိုင်ငံအလယ်ပိုင်း ဖာရစ်ပါမြို့၌ ဆန္ဒပြသူများအား အာဏာရ အဝါမီပါတီကို ထောက်ခံသူများက တိုက်ခိုက်မှုများပြုခဲ့ရာ ဆန္ဒပြသူအချို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဒက်ကာမြို့တွင်ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် ဆန္ဒပြသူအင်အား ၅၀,၀၀၀ ခန့်ရှိမည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းခဲ့သည်။
Ref—Al Jazeera