(သို့မဟုတ်)
တောင်တန်းနယ်ခြားသာသနာပြုသူရဲကောင်းအရှင်ပဏ္ဍိတ
သတိုး
၁၂. ၁. ၂၀၂၅
ထောက်ပံ့မှုအားကောင်းကောင်းနဲ့ လည်ပတ်ကြတဲ့ ဘာသာခြားတွေရဲ့ သာသနာပြုမှုတွေနဲ့ မြန်မာ့နယ်စပ်တွေဟာ လစာသောင်းဂဏန်းနဲ့ ထောက်ပံ့သူနည်းပါးတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေအဖို့ တောင်တန်းနယ်ခြားသာသနာပြုသုံးနှစ်တာခရီးဟာ အလွန်ခက်ခဲ ပင်ပန်းတဲ့ခရီးမျိုးတွေ ဖြစ်တတ်ပါတယ်။ ပြုစုစောင့်ရှောက်သူမရှိ၊ ထောက်ပံ့သူနည်းတဲ့အပြင် ကိုယ်တာဝန်ကျရာဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့အခါမှာ ဘာသာခြားတွေရဲ့ ဖိအားကို ကြုံရလေ့ရှိတတ်သလို သူတို့ ငွေပေး၊ ဆန်၊ ဆီပေးပြီး ဆွဲဆောင်တုန်းက ကူညီထောက်ပံ့တာလို့ ခေါင်းစဉ်တပ် ဆွဲဆောင်ကြပြီး ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးပါးက ဒီလို ကူညီထောက်ပံ့မိလို့ ဗုဒ္ဓဘာသာကူးပြောင်းကြသူတွေရှိလာရင်လည်း ဝိုင်းဝန်းထိုးနှက်တိုက်ခိုက်တတ်ကြပါသေးတယ်။ ဒီလို ဝိုင်းဝန်းတိုက်ခိုက်မှုမျိုး ဖြစ်စဉ်ကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အရှင်ပဏ္ဍိတလည်း ကြုံခဲ့ရသေးတာပါ။
အရှင်ပဏ္ဍိတက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြိုနယ် ဆပ္ပလော်နောက်ကုန်းကျေးရွာရွာသစ်မှာ တာဝန်ကျတဲ့ တောင်တန်းနယ်ခြားသာသနာပြု ဆရာတော်ပါ။ အိန္ဒိယနဲ့ နီးစပ်တဲ့ ဒီရွာလေးက ဘာသာခြားတွေ သာသနာပြုထားတဲ့ရွာလည်းဖြစ်ပြီး ဖုန်းလိုင်းတောင်မရတဲ့ ဒီနယ်စပ်ရွာလေးမှာ အရှင်ပဏ္ဍိတ အားရှိသလောက် ကြိုးစားရာမှာ အရာထင်ခဲ့လို့ သုံးနှစ်အတွင်း ရှင် ၁၀၀ ရဟန်းခံပွဲတွေ၊ ကိုရင်၊ သီလရှင်တွေအပါး ၂၀ ကို ပြည်မဆီ စာသင်သားအဖြစ် ပို့နိုင်တာအပြင် ရွာက လူတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေးကအစ အားထုတ်ကူညီပေးနိုင်ခဲ့တာကြောင့် အရှင်ပဏ္ဍိတဟာ သုံးနှစ်တာခရီးရဲ့ နောက်ဆုံးသောကာလမှာ ဆပ္ပလော်နောက်ကုန်းတစ်ရွာလုံးကို မနှစ်က ဒီဇင်ဘာ ၇ ရက်မှာ ဗုဒ္ဓဘာသာရွာအဖြစ် ပြောင်းလဲလိုက်နိုင်ခဲ့တာပါ။
ဒီနေရာမှာ နိုင်ငံရေးအကျပ်အတည်းကြောင့် ဆန်၊ ဆီ၊ စားရေရိက္ခာပြတ်လပ်သွားတဲ့ ဆပ္ပလော်နောက်ကုန်းရွာမှာ ပြည်သူတွေ အခက်ကြုံနေချိန် ဆရာတော်က ပုဏ္ဏမေတ္တာအသင်းအပါအဝင် ဒါယကာ၊ ဒါယိကာမတွေလှူဒါန်းမှုနဲ့ ဆန်အိတ် (၄၀)၊ဆား (၅)အိတ်၊ ဆီ အချိန် (၁၀၀ )၊ ကုလားပဲ ( ၄ )အိတ်၊ လက်ဖက်ခြောက်တစ်အိတ် စုစုပေါင်း ကျပ်သိန်းတစ်ရာဖိုးခန့် အလှူခံရရှိတာကို တစ်ရွာလုံးက အိမ်ခြေ ၇၉ အိမ်လုံးကို လှူပေးလိုက်ချိန်မှာ မူလကတည်းက ဗုဒ္ဓဘာသာရွာဟာ ဆရာတော်အရှင်ပဏ္ဍိတရဲ့ မေတ္တာကို ကျေးဇူးတုံ့ပြန်သောအားဖြင့် အခြားဘာသာမပြောင်းတော့ကြောင်း ဗုဒ္ဓဘာသာခံယူပွဲနဲ့ ကျေးဇူးဆပ်ခဲ့ကြတာပါ။
ဒီလို ဘာသာခြားတွေ သာသနာပြုမှုအားကောင်းပြီး မီဒီယာကိုပါ အသာစီးယူထားတဲ့ ဒီလိုမျိုးဒေသမှာ အရှင်ပဏ္ဍိတရဲ့ အားထုတ်မှုက “မှတစ်ပါး အခြားမရှိ” လို့ တင်စားရလောက်အောင်ဖြစ်တဲ့ အခါမှာ ဝိုင်းဝန်းဝေဖန် တိုက်ခိုက်မှု ကြုံရတာပါ။ အထူးသဖြင့်တော့ ဆပ္ပလော်နောက်ကုန်းတစ်ရွာလုံးက အားလုံးသဘောတူညီချက်နဲ့ ဗုဒ္ဓဘာသာကနေ တခြားဘာသာကူးပြောင်းရင် ရွာကထွက်ခွာရမယ်ဆိုတဲ့ အချက်ကို ဖိအားပေး ဘာသာကူးပြောင်းခိုင်းတယ်၊ ဆန်၊ ဆီမက်လုံးပေး ကူးပြောင်းခိုင်းတယ် ဆိုပြီး ဝေဖန်ထိုးနှက်ကြတာပါ။
ဒီနေရာမှာ အဓိကထိုးနှက်ကြတာက ခရစ်ယာန်ဘာသာဝင်တချို့ဖြစ်ပြီး သူတို့က သူတို့ ဆယ်စုနှစ်များစွာ စည်းရုံး အားထုတ်ရာနေရာမှာ တစ်ရွာလုံး ဗုဒဘာသာကူးပြောင်းသွားတယ်ဆိုတဲ့ ဖြစ်စဉ်ကို သူတို့သိက္ခာကျသလို ယူဆကြပြီး တခြားသော ဘာသာကူးပြောင်းရာရွာတွေမှာ ထပ်မံဘာသာမပြောင်းအောင်စာချုပ်ချိန် ပိုင်ဆိုင်မှုစွန့်ရမယ်ဆိုတဲ့ အချက်မျိုးပါ ထည့်ချုပ်တာကိုမျိုးအထိ ပြင်းထန်တာကို မေ့ထားပြီးတော့ကို ထိုးနှက်ကြတာပါ။
“အရှင်ပဏ္ဍိတက ဖိအားပေးပြီး ဘာသာပြောင်းခိုင်းတာလည်းမဟုတ်ဘူး။ ဆပ္ပလော်ရွာက နဂိုကတည်းက နှစ်ရွာရှိတာ။ ရွာဟောင်းနဲ့ ရွာသစ်ပေါ့။ မူလကတည်းက ရွာဟောင်းက နတ်စားကနေ ခရစ်ယာန်ဖြစ်လာတာတွေ။ ရွာသစ်က ဗုဒ္ဓဘာသာများတယ်။ ဒီသုံးနှစ်အတွင်းမှာ အရှင်ပဏ္ဍိတက သူတာဝန်ကျရာရွာမှာ ကထိန်ခင်းတာ၊ ရဟန်းခံ ရှင်ပြု ရှင် ၁၀၀ အလှုပွဲတွေ လုပ်ပေးတာ၊ ပဌာန်းပွဲတွေလုပ်ပေးတာ၊ ကလေးတွေကို ညကျောင်းဖွင့်ပေးတော့ ဆပ္ပလော်ရွာဟောင်းက ကလေးတွေပါ လာတက်ကြတာ၊ ဆပ္ပလော်ရွာက ကလေးတွေကို ရန်ကုန်၊ မန္တလေးလို မြေပြန့်မြို့ကြီးတွေအထိ ကိုရင်၊ သီလရှင် ကလေးငယ်ဆယ်ချီ ပညာသင်ဖို့ ပို့ပေးတာ၊ ခေတ်ကာလအခြေအနေအရ ရွာမှာ ဆန်စျေးကြီး ပြတ်လပ်နေချိန်မှာ အရှင်ပဏ္ဍိတအားထုတ်မှုနဲ့ တစ်ရွာလုံးက ဆန်၊ ဆီရတာ။ အဲဒီမှာ အိမ်ထောင်စု ၇၉ က ၇၈ စု သဘောတူညီချက်နဲ့ ရွာစော်ဘွားတွေ အကြီးအကဲတွေကိုယ်တိုင် သဘောတူညီချက်နဲ့ တခြားဘာသာ မကူးပြောင်းဘူးဆိုတာနဲ့ တခြားဘာသာကူးပြောင်းရင် ရွာကထွက်ခွာပေးမယ်ဆိုပြီး လက်မှတ်ထိုးကြတာ။ တခြား ခရစ်ယာန်ရွာတွေဆို သူတို့ရွာမှာ အဲဒီလို စာချုပ်ပြီဆိုရင် တခြားဘာသာပြောင်းရင် ရွာကထွက်ရရုံတင်မကဘူး။ ပိုင်ဆိုင်မှုအကုန်ထားခဲ့ပြီး ခြေဗလာ၊ လက်ဗလာနဲ့ ထွက်ပါ့မယ်ဆိုတဲ့အထိကို ပြင်းထန်တယ်။ အခု အရှင်ပဏ္ဍိတတို့ ရွာက အများသဘောတူခံဝန်က ဒေသ သဘောအရဆိုရင် သာမန်လုပ်ရိုးလုပ်စဉ်ပါ။ လက်မှတ်မထိုးချင်တဲ့ ခရစ်ယာန်ဘာသာဝင်တစ်အိမ်ကလည်း သူ့ဘာသာကိုအေးအေးချမ်းချမ်း ဆက်ကိုးကွယ်ပြီး ဒီလိုဗုဒ္ဓဘာသာရွာမှာ တစ်အိမ်တည်း ခရစ်ယာန်ဖြစ်လို့ ဘာမှ မှ မဖြစ်တာ။ တခြားဘာသာရွာဆို ဘယ်ရမလဲ။ ပိုင်တာသိမ်း နှင်ထုတ်ခံထိသွားနိုင်တယ်” လို့ တောင်တန်းနယ်ခြားသာသနာပြုဆရာတော်တစ်ပါးက MT News က မေးမြန်းချိန်မှာ ကြုံရတဲ့အခြေအနေကို ရှင်းလင်းမိန့်ဆိုပါတယ်။
တကယ့်တကယ်မှာလည်း ဆပ္ပလော်နောက်ကုန်းရွာသစ်ဟာ တစ်ရွာလုံးဗုဒ္ဓဘာသာ ကူးပြောင်းခဲ့တာ မဟုတ်သလို ခရစ်ယာန်ဘာသာကနေ ကူးပြောင်းလာခဲ့တာလည်းမဟုတ်ဘဲ အရှင်ပဏ္ဍိတအရင် တာဝန်ကျခဲ့တဲ့ တောင်တန်းနယ်ခြားသာသနာပြုဆရာတော်တွေရဲ့ အားထုတ်မှုကြောင့် မူလကတည်းက ဗုဒ္ဓဘာသာဖြစ်နေတဲ့ရွာကို ပိုမိုခိုင်မာအောင် ညီညွတ်မှုရှိအောင် ရှေးရှုပြီး လက်မှတ်ထိုးစာချုပ်ချုပ်ခဲ့တာပါ။ ဒီလိုစာချုပ်ချုပ်ရာမှာလည်း ဘာသာမပြောင်းချင်တဲ့ ခရစ်ယာန်ဘာသာဝင် အဘိုးအဘွားနှစ်ဦးကိုလည်း သူတို့ဆန္ဒအတိုင်း အေးချမ်းစွာ နေထိုင်စေခဲ့သလို ရွာကို ဆရာတော်က အများအလှုကနေ ပြန်လှုချိန် သူတို့အတွက်လည်း ထည့်လှုပေးခဲ့ပြီး ရွာလုံးကျွတ်လုပ်အားပေးတာမျိူး၊ ဗုဒ္ဓဘာသာအခမ်းအနားလုပ်တာမျိုးမှာလည်း ဘာသာမပြောင်းလိုတဲ့ ခရစ်ယာန်ဘာသာဝင်အဘိုးအဘွားကလည်း လာရောက်ကူညီပေးခဲ့တယ်လို့လည်း အရှင်ပဏ္ဍိတက MT News ကို မိန့်ပါတယ်။
“ရွာကလူတွေက ဆပ္ပလော်နောက်ကုန်းရွာဟောင်းကနေ ရွာသစ်ကို ရွှေ့လာကတည်းက ဗုဒ္ဓဘာသာပြောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဦးဇင်းတာဝန်ကျတဲ့ ဆပ္ပလော်နောက်ကုန်းရွာသစ်ကို ရွှေ့လာကြတာပါ။ ဦးဇင်းလက်ထက်မှာ ဗုဒ္ဓဘာသာဖြစ်တာမဟုတ်ပါဘူး။ အရင်ကတည်းက ဗုဒ္ဒဘာသာပါ။ အဲဒီအထဲမှာတော့ လေးငါးဆယ်အိမ်ကတော့ တချို့ဘာသာ ကိုးကွယ်တာလည်း ရှိတာပေါ့။ ကိုယ့်လက်ထက်မှာတော့ ကိုယ့်စွမ်းဆောင်မှုကို နှစ်သက်တဲ့အတွက် ဗုဒ္ဓဘာသာထဲ ပြန်ပြောင်းလာတဲ့အတွက် တစ်ရွာလုံးလိုလိုက ဗုဒ္ဓဘာသာပေါ့။ ဗုဒ္ဓဘာသာခံယူတာပေါ့။ အဲဒီထဲမှာ အသက် ၇၅ နှစ်ရှိတဲ့ ဒါယကာကြီးလင်မယားကတော့ သူတို့အသက်လည်းကြီးပြီ။ ဘာသာလည်းမပြောင်းချင်တော့ဘူး။ သူတို့ ခရစ်ယာန်ဘ၀နဲ့နေမယ်ဆိုတော့ သူတို့လည်း ကိုယ် ဖိအားမပေးပါဘူး။ အခု ဆန်ဝေပေးတဲ့အထဲမှာ သူတို့ပါပါတယ်။ ဒါပေမဲ့ လက်မှတ်ထိုးတဲ့အထဲ(ဗုဒ္ဓဘာသာမှ တခြားဘာသာမပြောင်းလဲကြောင်း)သူတို့မပါပါဘူး။ တကယ်တမ်းသာ သူတို့ပါ ဘာသာပြောင်းခိုင်းမယ်ဆို သူတို့ကို ဖိအားပေးမှာပေါ့။ ဒါပေမဲ့ ဖိအားမပေးခဲ့ပါဘူး။ လက်မှတ်ထိုးဖို့ဆိုတာကလည်း နဂိုကတည်းက တိုင်ပင်ထားပြီးသားပါ။ ဒီဘက်တွေမှာ တခြားဘာသာခြားရွာတွေကလည်း သူတို့ဘာသာတည်တံ့ရေးအတွက် လုပ်တယ်။ တခြားရွာက တခြားဘာသာဝင်က သူတို့ရွာလာနေရင် သူတို့ဘာသာထဲပဲဝင်ရတယ်။ ဒီဘက်မှာက နိုင်ငံတော်ရဲ့ စည်းမျဉ်းစည်းကမ်းဆိုတာထက် ကိုယ့်ရွာကိုယ့်စည်းကမ်းနဲ့ နေကြတာ”လို့ အရှင်ပဏ္ဍိတက MT News ကို ရှင်းပြပါတယ်။
အရှင်ပဏ္ဍိတဟာ ဆပ္ပလော်နောက်ကုန်းရွာ သာသနာ ပြုသုံးနှစ်တာခရီးအတွင်းမှာ ပထမနှစ်က ရဟန်းခံရှင်ပြု ၁၀၈ ပါး၊ ဒုတိယနှစ်က ၁၀၁ ပါး လုပ်ဆောင်ပေးခဲ့သလို ကထိန်ခင်းတာ၊ သီလရှင်နဲ့ ကိုရင် အပါး ၂၀ ကို ရန်ကုန်၊ မန္တလေးက စာသင်တိုက်ကြီးတွေ ပို့ပေးခဲ့တာ၊ လမ်းမီးတိုင် အတိုင် ၂၅ ထူထောင်ပေးပြီး ရွာကို မီးလင်းအောင် လုပ်ပေးခဲ့တာ၊ မြို့တက်ဆေးမကုနိုင်တော့လို့ အသက်ဆုံးရတော့မလောက်ဖြစ်နေတဲ့ သူတွေကို ငွေကြေးကုန်ကျခံ အသက်ကယ်ဆယ်ကုသပေးခဲ့တာ၊ ကလေး ၅၀ လောက်ကို မနက်ည စာဖတ်ဝိုင်းလုပ်ပေးထားတာ၊ ဆပ္ပလော်နောက်ကုန်းရွာဟောင်းက ခရစ်ယာန်ဘာသာဝင်တွေရဲ့ ကလေးတွေ စာဖတ်ဝိုင်းလာတက်ချိန် ဗုဒ္ဓဘာသာဝင်ကလေးတွေနဲ့တန်းတူအခွင့်အရေးပေးပြီး ဘာသာကူးပြောင်းဖို့ မစည်းရုံးတာ စတဲ့ သာမန်အားထုတ်မှုနဲ့ မဖြစ်နိုင်တဲ့ စွမ်းဆောင်မှုမျိုး လုပ်ပြခဲ့တာဖြစ်ပြီး ဒီလိုလုပ်ပြနိုင်တာကလည်း အရှင်ပဏ္ဍိတရဲ့ ဒါယကာ၊ ဒါယိကာမတွေရဲ့ ဝိုင်းဝန်းလှူဒါန်းမှုကြောင့်ဖြစ်သလို ဒီလိုတစ်လျှောက်လုံးစွမ်းဆောင်ခဲ့တာကို မသိဘဲ ထိုးနှက်စရာရှာချိန်မှာ ဆန်၊ ဆီပေးပြီး ဘာသာကူးပြောင်းခိုင်းတယ်ဆိုတာကိုပဲ ဝိုင်းဝန်းထိုးနှက်နေကြတဲ့ အခြေအနေဖြစ်နေတာပါ။
“ဦးဇင်း နာဂဒေသ လာတယ်ဆိုတာကလည်း ဒီဒေသ တိုးတက်ဖို့ပါ။ ဒီဒေသထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပညာရေး၊ ကျန်းမာရေးအခက်အခဲဖြစ်လည်း ဦးဇင်းတို့ ကူညီပေးမှာပါပဲ။ ကိုယ်တာဝန်ကျတဲ့ရွာ ကိုယ်တိုးတက်အောင် လုပ်ရမှာပါပဲ။ အခုက ဦးဇင်း သူတစ်ပါးရွာ သွားစည်းရုံးတာ မဟုတ်ဘူး။ ကိုယ့်ရွာက ဗုဒ္ဓဘာသာဝင်တွေကို ဦးဇင်းလှူတယ်၊ တန်းတယ်။ အဲဒီအတွက် သူတို့က ဦးဇင်းကို ကတိပြန်ပေးတဲ့သဘောပါ။ သူတို့က ဦးဇင်းကို ကြည်ညိုတယ်။ ရှေ့မှာလည်း ဦးဇင်းလုပ်ပေးခဲ့တာကို သူတို့နှစ်သက်တယ်။ သူတို့ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့အတွက် သူတို့ဘယ်တော့မှ ဘာသာမပြောင်းပါဘူးလို့ ကတိပေးလိုက်တဲ့သဘောပါပဲ” လို့ အရှင်ပဏ္ဍိတက ဆက်လက်မိန့်ကြားပါတယ်။
သေချာတာကတော့ အရှင်ပဏ္ဍိတဟာ လိုလေသေးမရှိအထောက်အပံ့နဲ့ သာသနာပြုကြတဲ့ ခရစ်ယာန်ဘာသာအဝန်းအဝိုင်းကြားမှာ ဗုဒ္ဓဘာသာရွာတစ်ရွာဖြစ်အောင်၊ ခိုင်မာအောင်၊ ဦးဆောင်လုပ်ပေးနိုင်ခဲ့တာပါ။ ဒီလို ခက်ခဲကျပ်တည်းလှတဲ့ကာလမှာ အရှင်ပဏ္ဍိတ စွမ်းဆောင်ပြခဲ့တာက သာမန်မဟုတ်သလို ဗုဒ္ဓဘာသာမြန်မာနိုင်ငံထဲကို 3M နယ်ချဲ့နည်းထဲက တစ်ခုနဲ့ လာနယ်ချဲ့ချိန် အိန္ဒိယမြန်မာနယ်စပ်မှာ ဆပ္ပလော်နောက်ကုန်းရွာသစ်လို ဗုဒ္ဓဘာသာခံတပ်ရွာ အခိုင်အမာထွက်ပေါ်လာတာကလည်း လေးစားဂုဏ်ယူစရာပါ။
တစ်ဖက်မှာလည်း ဒီလိုခရစ်ယာန်တွေကြား ဗုဒ္ဓဘာသာခံတပ်ရွာ ပေါ်ထွန်းလာမှုကို ဆွေ့ဆွေ့ခုန် ထိုးနှက်ကြပေမဲ့ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ အရှင်ပဏ္ဍိတကတော့ “အခြားရွာက အခြားဘာသာဝင်တွေကို ဦးဇင်း ဘာသာပြောင်းခိုင်းတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာရွာက ဗုဒ္ဓဘာသာဝင်တွေကိုပဲ သူတို့ညီညွတ်ရေးအတွက်၊ သူတို့ကလည်း လိုလားတဲ့အတွက် ရွာလူကြီးတွေ၊ ရွာစော်ဘွားတွေ၊ ရွာခံလက်ထောက်သာပြုတွေကိုယ်တိုင်က လိုလားတဲ့အတွက် ဦးဇင်းလုပ်တာပါ။ ဘယ်ဘာသာကိုမှ ထိခိုက် ပုတ်ခပ်ချင်တဲ့ ဆန္ဒမရှိဘူး။ ကိုယ့်ရွာ၊ ကိုယ့်နေရာလေး တည်တံ့ခိုင်မြဲအောင်၊ ညီညွတ်အောင်၊ ညီညွတ်မှလည်း ဆက်လက်လုပ်ဆောင်လို့ရမှာမို့လို့ လုပ်ဖြစ်ကြတာပါ။ ဝေဖန်တာက တချို့က ဒီ ဆန်တွေ၊ ဆီတွေ ပေးပြီး အတင်းဘာသာပြောင်းခိုင်းတာမျိုးလုပ်တယ်ဆိုတဲ့ အတွေးမျိုး၊ အရေးမျိုး တွေ့ရတယ်။ တကယ်က ရွာမှာ ၇၉ အိမ်မှာ ၇၈ အိမ်က ဗုဒ္ဓဘာသာပါ။ တစ်အိမ်က ဘာသာမပြောင်းချင်တဲ့ ခရစ်ယာန်ပါ။ သူတို့ ဆန်ဆီအလှူမလာပါဘူး။ ဒါပေမဲ့ ရွာလူကြီးက သူတို့အတွက် ခွဲဝေပို့ပေးပါတယ်။ ကျောင်းနဲ့ တစ်ရွာလုံးနဲ့ဆိုင်တဲ့ ပွဲတွေဆိုလည်း သူတို့လာကူညီပါတယ်။ သူတို့က လက်မှတ်ထိုးတဲ့အထဲ မပါပါဘူး။ သူတို့ကိုလည်း ဦးဇင်းက ဘာမှမပြော၊ ဘာဖိအားမှ မပေးပါဘူး။ စည်းရုံးလှုံ့ဆော်တာ မရှိပါဘူး။ ဦးဇင်းတို့က သုံးနှစ်ပဲ တာဝန်ကျတာပါ။ ကိုယ်တာဝန်ကျတဲ့ကာလမှာ တိုးတက်အောင်၊ တည်တံ့အောင်ပဲ ကြိုးစားခဲ့တာပါ”လို့ ရှင်းပြပါတယ်။ (ဓာတ်ပုံ – အရှင်ပဏ္ဍိတ)