၁၂.၁.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းတပ်မတော်က ယနေ့ဖမ်းဆီးကာ နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းဒေသတွင်းသတင်းများက ဖော်ပြကြသည်။
ယနေ့ ဇန်နဝါရီလ ၁၁ ရက် နေ့လယ်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုဘက်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ အမှတ်(၄)၊ မယ်ပကျေးရွာဘက်သို့ ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းတပ်မတော်က တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။
အဖမ်းခံရသူများမှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၁ ဦး ဖြစ်ပြီး ယင်းတို့အနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်ရန် ကရင်ပြည်နယ်၊ ရွှေကုက္ကိုမြို့သစ်ကတစ်ဆင့် သောင်ရင်းမြစ်ကိုဖြတ်ကူး၍ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်ဟု အဆိုပါ သတင်းများတွင် ဖော်ပြကြသည်။
ယင်း ဖမ်းဆီးရမိသူများကို လက်ရှိတွင် မဲဆောက်ရဲစခန်း၌ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင် ရွက်ပြီးနောက် ထိုင်းအစိုးရဘက်က မြန်မာနိုင်ငံအစိုးရနှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။