၁၂.၁.၂၀၂၅
Written By Zun
လွတ်မြောက်နယ်မြေအဖြစ်သတ်မှတ်၍ AA နှင့် AA အားပေးသူများသာကျန်ရှိတော့သည့် ရခိုင်ပြည် နယ်၊ ကျောက်တော်မြို့ ဗုံးကြဲခံရသောကြောင့် အဆိုပါမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုဝင်ရောက်နေရာယူထားကာ အစည်းအဝေးပြုလုပ်နေသော AA အဖွဲ့က လူ ၁၀ ဦးထက်မနည်း သေဆုံးမှုရှိကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ (၁၁) ရက် နံနက်ပိုင်း ၉ နာရီခန့်၌ အဆိုပါထွေအုပ်ရုံးတွင် AA အဖွဲ့က လူ ၁၀၀ ကျော်နှင့် အစည်းအဝေး လုပ်နေစဉ် လေကြောင်းမှ ဗုံးကြဲခံခဲ့ရခြင်းလည်းဖြစ်သည်။
“သူတို့အဖွဲ့က တော်တော်ထိတယ်။ ဒါပေမဲ့သူတို့က သေတဲ့သူဆိုရင် အရပ်သားလို့ပဲ ပြောတာကိုး။အရပ်သား ဆိုရင်လည်း AA ကို ဝင်ထားသူတွေ၊ AA ကို အားပေးသူတွေပဲ ကျန်နေတာလေ။ သေတာ AA တွေချည်းပဲ။ ဒဏ်ရာရတာက လူ ၂၀ ကျော်တယ်တဲ့” ဟု ရခိုင်ပြည်နယ် သတင်းရင်းမြစ်က MT News ကို ပြောသည်။
ဗုံးကြဲသောကြောင့် AA အဖွဲ့များ အခြေချရာ ရဲစခန်းနှင့် ရှမ်းရွာအနီး၊ ပန်းတိမ်တန်း၊ မြစိမ်းရောင် တည်းခိုခန်း အနီး အခြားနေရာများတွင် ပျက်စီး ဆုံးရှုံးမှုများ၊ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ် ခဲ့ကြောင်းလည်း သိရသည်။
AA အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ရာတွင် ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီခန့်ကတစ်ကြိမ်၊ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က တစ်ကြိမ်၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်ကတစ်ကြိမ် ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ၃ ကြိမ်အတွင်း ဗုံးအရေအတွက် ၁၅ လုံးခန့် ရှိပြီး သေဆုံးသူနှင့် ဒဏ်ရာရသူများမှာ အရပ်သား များဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းတို့၏ ထုတ်ပြန်ချက်တွင် လူစည်ကားရာနေရာများကို ဗုံးများကျရောက်ခဲ့သောကြောင့် သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ကာ ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း ထိခိုက်၊ သေဆုံး၊ ပျက်စီးဆုံးရှုံးမှု အရေအတွက်များကို ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေ။
AA အဖွဲ့က ကျောက်တော်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်တွင် အပြီးသတ်သိမ်းပိုက်ပြီးကြောင်း ထုတ်ပြန်ထားပြီးနောက် AA ကို မနှစ်သက်သူများက တခြားနေရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြပြီးဖြစ်ကြောင်းလည်း သိရသည်။
AA အဖွဲ့အနေဖြင့် အကြမ်းဖက်သိမ်းယူထားသည့် ကျောက်တော်မြို့တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှေ့၊ ရဲတပ်ဖွဲ့မှူးရုံး၊ မြန်မာ့ဆက်သွယ်ရေးရုံး၊ ကမ္ဘာ့ရတနာဘဏ်၊ သမဝါယမမြို့နယ်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးဌာနမြို့နယ်ဦးစီးမှူးရုံး၊ စိုက်ပျိုး ရေးသိပ္ပံ (ကျောက်တော်)၊ မြို့နယ်တရားရုံး၊ အလုပ်သမားဝန်ကြီးဌာနမြို့နယ်ရုံး၊ မြို့နယ်စည်ပင် သာယာရုံး၊ ကစ္ဆပနဒီတံတား စသည့် နေရာများတွင် နေရာယူ အခြေချနေထိုင်နေကြပြီး မြို့သိမ်းစဥ်က တပ်မတော်ရေ၏ စစ်သင်္ဘော ၄ စင်းကို ယမန်နှစ်ဖေဖော်ဝါရီလ ၇ ၊ ၈ ၊ ၁၂ ရက်တို့တွင် ပစ်ခတ်နှစ်မြှုပ် ပစ်လိုက်ကြောင်းလည်း ထုတ်ပြန်ခဲ့သေးသည်။