၁၁. ၁. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့/အနောက်) မြို့နယ်များအတွင်း နိုင်ငံသားစိစစ်ရေးကတ် အတု၊ အလုပ်သမားမှတ်ပုံတင်ကတ် အတုနှင့် ရပ်ကွက်/ရဲစခန်းထောက်ခံစာ အတုများ ပြုလုပ်ရောင်းချသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ နယ်၌ နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် ထောက်ခံစာ အတုများအား အခကြေးငွေယူ၍ ပြုလုပ်ရောင်းချလျက်ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ် အတုများ ရောင်းချသူ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ အမှတ်(၄)ရပ်ကွက်နေ မမေသူခိုင်(၃၄)နှစ် (ဘ)ဦးကျော်ညွန့်အား ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်၊ ဗိုလ်တေဇလမ်းပေါ်၌ နိုင်ငံသားစိစစ်ရေးကတ်အတု ၃ ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အေးသာယာနယ်မြေရဲစခန်း(ပ) ၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုရေးဖွင့်ပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ တရားခံ မေသူခိုင်ထံသို့ နိုင်ငံသားစိစစ်ရေးကတ်အတုများအား ပို့ဆောင်ပေးသူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၉)ရပ်ကွက်နေ ဖြူသွယ်ထွေး(၂၂)နှစ် (ဘ)ဦးကျော်ညွန့်အား ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်း၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အဆိုပါနိုင်ငံသားစိစစ်ရေးကတ်အတုများအား ပွဲစားလုပ်ကိုင်သူ ဖမ်းဆီးရန်ကျန် တရားခံ တက်ပု(စိစစ်ဆဲ)ထံသို့ ဖုန်းဖြင့် ချိတ်ဆက်ကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းဖမ်းဆီးခဲ့ရာ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် ဖမ်းဆီးရန် ကျန်တရားခံ တက်ပု(စိစစ်ဆဲ)မှတစ်ဆင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအတု လာရောက်ပို့ဆောင်သူ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူ ဟန်မြင့်ဇော်(ခ) ပြောင်လေး(၄၄)နှစ် (ဘ)ဦးအောင်ခင်အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု(၁)ခုနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဟန်မြင့်ဇော်(ခ)ပြောင်လေးအား စစ်ဆေးရာ နိုင်ငံသားစိစစ်ရေးကတ်ပြားအတုများအား ပွဲစားဖြစ်သူ ဖမ်းဆီးရန်ကျန်တရားခံ တက်ပု(စိစစ်ဆဲ)၏ ချိတ်ဆက်ပေးမှုဖြင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်နေ ဇင်လင်း(ခ)လင်းလင်း(၄၀) နှစ်(ဘ)ဦးဝင်းအေးမှ ပြုလုပ်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ တရားခံ ဇင်လင်း(ခ) လင်းလင်းအား ယင်းနေ့ နေ့လယ်ပိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအလွတ်(၁၀၀)ခု၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအတု ပြုလုပ်ရာတွင် အသုံးပြုသည့် Deli တံဆိပ်ပါ Automatic Numbering Machine (၁)ခု၊ အမည်နှင့်ဓာတ်ပုံများပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု(၈)ခု၊ အသားတံဆိပ်တုံး ရိုက်နှိပ်သည့် တံဆိပ်တုံး(၁)ခု၊ လေဆာတံဆိပ်တုံးမျိုးစုံ(၁၄)ခု၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြား (အလွတ်) (၂၅၀၀)ခု၊ Horse တံဆိပ်ပါ မှင်ခံဘူး(၂)ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဇင်လင်း(ခ)လင်းလင်းအား စစ်ဆေးချက်အရ ဇန်နဝါရီလ ၉ ရက်နေ့ ညနေပိုင်းတွင် ၎င်းနှင့် ဆက်သွယ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားနှင့် ရပ်ကွက်/ရဲစခန်း ထောက်ခံစာအတုများအား တစ်ဆင့်ရောင်းချပေးသူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈) ရပ်ကွက်နေ မြင့်မြတ်ကြည်(ခ)ဝတုတ်(၄၀) နှစ်(ဘ)ဦးကြီးမြင့်၊ တစ်ရပ်ကွက်တည်းနေ စန္ဒာဦး (၄၄)နှစ်(ဘ)ဦးတင်လှနှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ စိုးမင်းဦး (ခ)ကတုံး(၃၂)နှစ်(ဘ)ဦးဝင်းကြည်တို့ ၃ ဦးအား ၎င်းတို့၏ နေအိမ်အသီးသီး၌လည်းကောင်း၊ ရပ်ကွက်/ရဲစခန်း ထောက်ခံစာပုံစံအတု(အလွတ်)များအား မိတ္တူကူးယူရောင်းချသူ စန်းမော်လွင် (၂၉)နှစ်(ဘ)ဦးဝင်းအောင်အား ရဲစခန်းထောက်ခံစာမျိုးစုံအတု(အလွတ်) (၂၅၀၀)ရွက်၊ ရပ်ကွက် ထောက်ခံစာမျိုးစုံအတု(အလွတ်)(၈၀)ရွက်၊ Acer အမျိုးအစားကွန်ပျူတာ(၁)စုံနှင့် ဆက်စပ်ပစ္စည်း များ၊ Printer(၂)လုံး၊ Scanner(၁)လုံးတို့နှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်ရှိ မိုးသောက်ပန်းမိတ္တူဆိုင်၌လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါအမှုမှ ဖမ်းဆီးရမိတရားခံ စိုးမင်းဦး(ခ)ကတုံး၏ ထွက်ဆိုချက်အရ ယင်းနေ့ ညပိုင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအတုများ တစ်ဆင့်ပြန်လည်ရောင်းချရန် စေခိုင်းသူ ဖမ်းဆီးရန်ကျန် တရားခံ ပြေသိန်းထိုက်(စိစစ်ဆဲ) နေထိုင်သည့် ထန်းတပင်မြို့နယ်၊ ရိုးလေးကျေးရွာရှိ နေအိမ်အား ရှာဖွေစစ်ဆေးခဲ့ရာ ပြေသိန်းထိုက်အား တွေ့ရှိခြင်းမရှိဘဲ ၎င်း၏အစ်မဖြစ်သူ မိုးမိုး(၄၈)နှစ်(ဘ) ဦးကျော်ရွှေအား နိုင်ငံသားစိစစ်ရေးကတ်ပြား အတုပြုလုပ်ရာတွင် အသုံးပြုသည့် တံဆိပ်တုံးမျိုးစုံ (၂၅၀)ခု၊ အသားတံဆိပ်ရိုက်နှိပ်သည့် တံဆိပ်တုံး(၁)ခုတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇင်လင်း(ခ)လင်းလင်းပါ တရားခံ(၉) ဦးတို့၏ ထွက်ဆိုချက်များအရ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတုနှင့် ရပ်ကွက်/ရဲစခန်း ထောက်ခံစာ အတုများအား ဇင်လင်း (ခ)လင်းလင်း၊ ထန်းတပင်မြို့နယ်နေ ဖမ်းဆီးရန်ကျန် တရားခံ ကုလားကြီး(ခ)ဂျင်မီသောင်း(စိစစ်ဆဲ)နှင့် ပြေသိန်းထိုက်(စိစစ်ဆဲ)တို့မှ ပြုလုပ်ပေးခဲ့ပြီး ပွဲစားဖြစ်သူ ဖမ်းဆီးရန် ကျန်တရားခံ တက်ပု(စိစစ်ဆဲ)နှင့် ချိတ်ဆက်၍ အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အလုပ်သမားမှတ်ပုံတင်အတုများအား တစ်ကတ်လျှင် ငွေကျပ် ၃၀,၀၀၀ ဖြင့် တစ်ဆင့်ရောင်းချပေးခဲ့ရာ ကျန်တရားခံများမှ ဝယ်ယူသူများသို့ ပို့ဆောင်ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအတု၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားအတုနှင့် ရပ်ကွက်/ရဲစခန်းထောက်ခံစာအတုများ ပြုလုပ်ရောင်းချသူ ဖမ်းဆီးရမိတရားခံ ဇင်လင်း(ခ) လင်းလင်းပါ(၉)ဦးတို့အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန်တရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။