၁၂ . ၁. ၂၀၂၃
Written By Thandar
Triple Six Movie ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဟာသဇာတ်လမ်းပုံစံ “ကျေးဇူးတင်ပါသည် ရှဲရှဲနီ” ရုပ်ရှင်ဇာတ်ကားကြီးကို မနက်ဖြန် ဇန်နဝါရီ ၁၃ ရက်ကစ မြန်မာတစ်ပြည်လုံးမှာ ရုံတင်ပြသမှာပါ။
ဒီဇာတ်ကားမှာဆို မောင်ကြီးဟာ ဘေထုပ်ရောင်းပြီး စီးပွားရှာသူပါ။ သူရဲ့စိတ်ဓာတ်က ကောင်းရောင်းကောင်းဝယ်ဆိုတာထက် မသမာတဲ့နည်းနဲ့ လိမ်လည်ပြီးရောင်းတတ်သူပါ။ တစ်နေ့မှာ မောင်ကြီးက တိုက်ပုံအင်္ကျီအကောင်းကြီး ၁ ထည်ကို ဟောင်းအောင်လုပ်ပြီး ရှေးဟောင်းပစ္စည်းတွေ၊ သမိုင်းဝင်ရှားပါးပစ္စည်းတွေ တရားမဝင် ရောင်းဝယ်တဲ့ ကိုဂျိုကာဆိုသူထံ လိမ်ပြီးရောင်းခဲ့ပါတယ်။ ကိုဂျိုကာလည်း ယုံကြည်ပြီး ပိုက်ဆံများပေးပြီး ဝယ်လိုက်တာပေါ့။ အဲဒီငွေတွေနဲ့ မောင်ကြီးက သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးတော့ ဘေထုပ်တွေ ထပ်ရင်းနှီးခဲ့တယ်။ နောက် ရွာတွေမှာ လိမ်လည်ရောင်းချဖို့ စီစဉ်ပါတယ်။ ဈေးတင်ရောင်းလို့ရအောင်လည်း ကြံစည်ပါတယ်။ သူငယ်ချင်း လောရှည်ကို နိုင်ငံခြားသားပုံစံအယောင်ဆောင်ခိုင်းပြီးတော့ နိုင်ငံခြားစက်ရုံကမှာထားတဲ့ အထည်တွေဆိုပြီး ရွာသားတွေ အထင်ကြီးအောင် လုပ်ပြီး ဈေးတင်ရောင်းပါတယ်။
မောင်ကြီးတို့ရောင်းတဲ့ ဈေးနှုန်းကြောင့် ရွာသားတွေ စျေးများနေလို့ ဝယ်သူမရှိဘဲ အခက်တွေ့နေခဲ့ပါတယ်။ မောင်ကြီးကလည်း အဲဒီရွာက ရွာလူကြီးသမီးနှင်းနု ဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်းစွဲလန်းသွားခဲ့ပါတယ်။ ရွာကလူတွေ အထည် ဝယ်ယူအောင် ကံစမ်းမဲပါတယ်လို့လည်း မက်လုံးပေး ရောင်းချခဲ့တာပေါ့။ ရွာသားတွေကတော့ မဲပေါက်ရင် နိုင်ငံခြားအလည်အပတ်ခရီး စရိတ်ငြိမ်းသွားရမယ်ဆိုတော့ အထည်တွေကို အားပေးကြတာပေါ့။ ဒါပေမယ့်လည်း တစ်ယောက်မှ မဲမပေါက်ကြဘဲ အထည်ဖိုးတွေ ဆုံးခဲ့တယ်။ အဲဒီအချိန် နှင်းနုက ကျန်နေတဲ့ အဝတ်အထည်အားလုံးကို ကျန်ဖြတ်ယူလိုက်ပါတယ်။ ဒါကြောင့် မောင်ကြီးတို့ရဲ့ ကံစမ်းမဲတွေ ပေါက်မဲမပါတာ သိသာသွားခဲ့ပါတယ်။ ဒါကြောင့် ရွာတစ်ရွာလုံးနီးပါးက ပြဿနာရှာပြီးတော့ ရွာလူကြီးထံ တိုင်ကြားခဲ့လို့ ကံစမ်းမဲကို ပေါက်မဲပြန်ထည့်ပြီး ပြန်မဲနှိက်ဖို့ စီစဥ်ရပါလေရော။ ဒီအကြိမ်မှာ မဲပေါက်သူတွေကို နိုင်ငံခြားခရီးစဥ်ခေါ်ဖို့ မောင်ကြီးမှာ ကြံရာမရဖြစ်နေခဲ့ပါတယ်။ ရွာက မဲပေါက်သူတွေ နိုင်ငံခြားစဥ်သွားဖို့အတွက် မောင်ကြီးဟာ ဘယ်လိုတွေ လိမ်ညာလှည့်ပတ်ပြီး လုပ်ဆောင်သွားမလဲဆိုတာကိုတော့ ရုပ်ရှင်ရုံပိတ်ကားပေါ်မှာ ရယ်မောစရာလေးတွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကိုတော့ ဇာတ်လမ်း ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ရေးသားဖော်ညွှန်းပြီးတော့ သရုပ်ဆောင်တွေ ဖြစ်တဲ့ မြင့်မြတ်၊ နန်းဆုရတီစိုး၊ ဂျိုကာ၊ ကေညီ၊ မာမီသက်၊ ဝက်မ၊ ဒဲ့ဒိုး၊ ချက်ကြီး၊ စိုပြေ၊ စူပါလင်း၊ ပေါ်လွင်၊ အေးချမ်း၊ မောင်ကင်း၊ ယုဇနနိုင်ဝင်း၊ ပေါ်လာ၊ စိုးကြီး၊ ပိုးဂျူလိုင်ထွဋ်၊ နန်းကြယ်စင်၊ ဝင်းဇော်ဟိန်း စတဲ့ အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“ကျေးဇူးတင်ပါသည် ရှဲရှဲနီ” ရုပ်ရှင်ဇာတ်ကားကို မြန်မာပြည်တစ်ပြည်လုံးရှိ ပြည်နယ်နဲ့တိုင်း၊ မြို့နယ်အသီးသီးမှာရှိတဲ့ သမ္မတရုပ်ရှင်ရုံ ၊ JCGV အုပ်စု၊ Junction အုပ်စု၊ မင်္ဂလာရုပ်ရှင်ရုံအုပ်စု စတဲ့ နေရာတွေမှာ ရုံတင်ပြသသွားမှာပဲ ဖြစ်ပါတယ်။