၁၁.၁.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဟာ မြန်မာနိုင်ငံအခြေစိုက် ရာဇဝတ်ဂိုဏ်းတွေအတွက် အဓိကဖြတ်သန်းသွားလာမှုပြုတဲ့နေရာအနေနဲ့ရှိနေတာကြောင့် ထိုင်းနိုင်ငံ၊ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပါဝင်နှိမ်နင်းမှု ပြုသွားဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြပါတယ်။
လူကုန်ကူးခံရတဲ့ ဓားစာခံတွေကိုအထောက်အပံ့ပေးရေးအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက်က ဇန်နဝါရီလ ၇ ရက်က အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံပေါင်း၂၁ နိုင်ငံက ပြည်သူစုစုပေါင်း ၆,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံနေရတယ်လို့ ဖော်ထုတ်ရေးသားခဲ့ပါတယ်။
ဖမ်းဆီးခံနေရသူ ဓားစာခံတွေမှာ တရုတ်နိုင်ငံသား ၃,၉၀၀ ခန့်ပါပြီး ပြင်းထန်တဲ့ ကိုယ်ကာယပိုင်းနဲ့ စိတ်ပိုင်း အလွဲသုံးစားပြုညှင်းပန်းမှုတွေလည်းခံနေကြရဖွယ်ရှိပြီး သူတို့ မိသားစုတွေဆိုရင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ရွေးငွေ မတန်တဆတောင်းခံမှုတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။
အစီရင်ခံစာမှာဆိုရင် တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့ကို လူကုန်ကူးမှုပြုဖို့ ဖြတ်သန်းသွားလာတဲ့နေရာအဖြစ်ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေဟာ ဒေသခံလက်နက်ကိုင်အဖွဲ့ တွေရဲ့ အကူအညီနဲ့ ဒီနယ်မြေကို သူတို့အတွက် အသုံးချနေကြတာဖြစ်ပါတယ်။ ဒီလက်နက်ကိုင်အုပ်စုတွေမှာ အရင်ကတော့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်လို့လည်းသိကြတဲ့ BGF ခေါ်တဲ့ မြန်မာနိုင်ငံရဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ပါဝင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဇန်နဝါရီလ ၁၀ ရက်မှာတော့ အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက်က ကင်ညာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ လာအို၊ ကာဇက်စတန် နဲ့ ဥဇဘက်ကစ္စတန် စတဲ့ နိုင်ငံကိုးနိုင်ငံက ကိုယ်စားလှယ်တွေနဲ့အတူ ထိုင်းနိုင်ငံရဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) ကို အိတ်ဖွင့် တောင်းဆိုစာတစ်စောင် တင်သွင်းခဲ့ပါတယ်။ ဒီစာမှာ သူတို့က မြန်မာနိုင်ငံအတွင်းလူကုန်ကူးခံရသူတွေကို ကယ်တင်ဖို့ NHRC က ချက်ချင်းဆောင်ရွက်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။
ဓားစာခံတော်တော်များများဟာ မြန်မာနိုင်ငံအတွင်း လစာကောင်းကောင်းနဲ့ အလုပ်တွေရမယ်လို့ လိမ်ညာကတိပေးချက်တွေနဲ့ ထိုင်းနိုင်ငံသို့ လှည့်ဖြားခေါ်ယူကာ ဒီနောက်မှာတော့ မြန်မာနိုင်ငံအတွင်း လူကုန်ကူးခံကြရတာပါပဲ။ သူတို့မိသားစုတွေဆီကိုရောက်လာတဲ့ စိုးရိမ်ပူပန်မှုဖြစ်စေတဲ့ သတင်းပို့ချက်တွေအရတော့ သူတို့အနေနဲ့ လျှပ်စစ်ဓာတ်အားနဲ့ တို့ထိ ညှင်းပန်းခံရတာ၊ သတ်ဖြတ်မယ်လို့ခြိမ်းခြောက်တာနဲ့လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖယ်ရှားတာ စတဲ့ ညှင်းပန်းနှိပ်စက်မှုမျိုးစုံနဲ့ ထပ်ခါတစ်လဲလဲ ကြုံတွေ့နေကြရတယ်လို့ ယူဆရပါတယ်။
အဖမ်းခံထားရတဲ့ လာအိုနိုင်ငံသားဓားစာခံတစ်ဦးကဆိုရင် အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက်ကနေ ရင်နင့်စရာကောင်းတဲ့အကောင့်တစ်ခုကို မျှဝေဖော်ပြခဲ့ပါတယ်။ သူ့ဖော်ပြချက်မှာ “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကြဖို့ လှည့်ဖြားခေါ်ယူခံခဲ့ရပါတယ်။ ဒီမှာတော့ ရုပ်ပိုင်းနဲ့စိတ်ပိုင်းညှင်းဆဲမှုအမျိုးမျိုးကို ခံခဲ့ကြရပါတယ်။ သူတို့တောင်းဆိုတာတွေကိုမလိုက်နာရင် အရိုက်အနှက်ခံရတယ်။ လျှပ်စစ်နဲ့တို့ထိ ဓာတ်လိုက်စေတယ်။ ကျွန်တော်တို့အနေနဲ့ လာအိုအာဏာ ပိုင်တွေဆီ အကူအညီ တောင်းခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့က သည်းခံဖို့ပဲပြောခဲ့တယ်။ ဘယ်သူ့ကိုအားကိုးရမှန်းလည်းမသိဘူး။ ဒါကြောင့် တရုတ်နဲ့ထိုင်းအာဏာပိုင်တွေဆီမေတ္တာရပ်ခံရတာပါ။ ကျွန်တော်တို့ကို သနားသောအားဖြင့် ဒီ ငရဲတွင်းက လွတ်မြောက်အောင်ကူညီကြပါ” လို့ ရေးခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ စာခံတွေက သူတို့ရဲ့ သတင်းပို့ချက်တွေမှာ လျှပ်စစ်နဲ့တို့ထိဓာတ်လိုက်စေတာ၊ ရေနွေးပူနဲ့ ပက်ဖြန်းတာ၊ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေမှာ အတင်းအကျပ်စေခိုင်းတာနဲ့ မိနစ် ၂၀ လောက် ကြိမ်လုံး၊ ကျာပွတ်တွေနဲ့ ရိုက်တာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို လေးလံတဲ့ ရေပုံးတွေ သယ်ခိုင်းတာစတဲ့ လူမဆန်တဲ့ ရက်စက်မှုမျိုးစုံကို ခံနေရတယ်လို့ ပြောခဲ့ကြပါတယ်။
ပြီးခဲ့တဲ့သုံးလက ထွက်ပြေးလွတ်မြောက်ပြီး အသက်ရှင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်ကလည်း “တရုတ်သူဌေးတွေက ကျွန်တော်တို့ သေသေရှင်ရှင် အရေးလုပ်တာမဟုတ်ဘူး။ စည်းကမ်းမလိုက်နာရင် ကျွန်တော်တို့ အကျဉ်းကျပြီး ကရင်လက်နက်ကိုင်တပ်ကတော့ တရုတ်သူဌေးဆီက ပိုက်ဆံရတယ်။ တစ်နေ့ကို ၁၇ နာရီက ၁၈ နာရီအထိ လူမဆန်အောင်ခိုင်းကြတယ်။ ကျွေးတဲ့အစားအစာက စားဖို့မသင့်ဘဲ ကျွန်တော်တို့ ရေနဲ့သာ အသက်ရှင်နေခဲ့ရတယ်။ သူတို့ ခိုင်းတာမပြည့်မီလို့ ထောင်ကျရင် အကျဉ်းသမားတွေက တစ်နေ့ကို ၂၄ နာရီ အလုပ်ရတယ်” လို့ပြောခဲ့ပါသေးတယ်။
အဆိုပါလုပ်ရပ်တွေအတွက် နိုင်ငံတကာမှရှုတ်ချမှုတွေ၊ သံတမန်ရေးရာအရ အားထုတ်မှုတွေရှိပေမယ့် တရုတ်မင်းသား Xingxing ပြန်ပေးဆွဲခံရမှုကို ပြန်ကယ်တင်နိုင်တာလောက်ကလွဲလို့ တိုးတက်မှု နှေးကွေးနေပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Institute of Peace မှ ၂၀၂၄ ခုနှစ်အစီရင်ခံစာတစ်ရပ်မှာ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာ နိုင်ငံတွေအတွင်း ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်းတွေရဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေက နှစ်စဉ် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၈ ဘီလျံဖိုး ဝင်ငွေရှိနေပြီး ဒေသစီးပွားရေးနဲ့ ကမ္ဘာ့စီးပွားရေးကိုပါ မတည်မငြိမ်ဖြစ်စေတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
Ref- Nation Thailand