၁၁.၁.၂၀၂၅
Written by KL
မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စံပယ်လမ်းရှိ ၃ ထပ်နေအိမ်တစ်လုံးတွင် ဇန်နဝါရီလ ၁၀ ရက် ည ၉ နာရီ ၁၈ မိနစ်ခန့်က ကတ်ထူစက္ကူပုံးပေါ် ခြင်ဆေးခွေထွန်းရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးမီးခိုးမွန်ကာ စိုးရိမ်ရကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ အလျား ၁၀ ပေ၊ အနံပေ ၆၀ ရှိ RC ၃ ထပ် နေအိမ်တွင် ကတ်ထူစက္ကူပုံးပေါ်ခြင်ဆေးခွေထွန်းရာမှ ခြင်ဆေးခွေလဲကျပြီး ကတ်ထူစက္ကူပုံးကို မီးစွဲလောင်ကာ အနီးရှိ ဆိုင်ကယ်ကိုပါ မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
ဆယ်မိနစ်ကျော်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် နေအိမ်နှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည့်အပြင် မီးခိုးမွှန်မှုကြောင့် အသက် ၆၈ နှစ်အရွယ် ဒေါ်ရင်ရင်မြ သေဆုံးခဲ့ပြီး အသက် ၆၂ နှစ်အရွယ် ဦးကြည်လွင်၊ အသက် ၃၃ နှစ်အရွယ် ဦးအောင်ကျော်မြင့်၊ အသက် ၄ နှစ်အရွယ် မောင်အောင်ချစ်စိုးတို့ မီးခိုးမွှန်ကာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
“အိမ်ကလည်းကျဥ်းတော့ မီးခိုးမွှန်ပြီး သတိလစ်နေကြတာ။ အမျိုးသမီးတစ်ယောက်တော့ဆုံးသွားတယ်”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၃ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၃၃ နှစ်အရွယ် ဦးအောင်ကျော်မြင့်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄(က)/၃၃၈ဖြင့် ဝေဘာဂီနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။