◾ ရာနှင့်ချီသော လူများသေဆုံးခဲ့ရသည့် ယင်းဖြစ်စဉ် တစ်နှစ်ပြည့်ရန် ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာသော ရုပ်သံလည်းဖြစ်
၁၁.၁.၂၀၂၅
Written by Zun
သက်ကြီးရွယ်အို၊ မှီခိုသူနှင့် ကလေးသူငယ် ၉၀၀ ကျော်လိုက်ပါလာသော ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် ၃ စင်းကို တိုက်ခိုက်ခံရ၍ ရာနှင့်ချီသေဆုံးခဲ့သည့် တိုက်ခိုက်မှုကို အကြမ်းဖက် AA က စနစ်တကျ စီစဉ်ညွှန်ကြားထားသည့် ရုပ်သံ ထွက်ပေါ်လာသည်။
ယင်းဖြစ်စဉ်မှာ လွန်ခဲ့သော ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် နိုင်ငံ့ဝန်ထမ်းများကို စောင့်ဆိုင်းကယ်ထုတ်နေသည့် ကယ်ဆယ်ရေးကမ်းထိုးရေယာဉ်(၃)စင်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ပစ်ခတ် တိုက်ခိုက်သတ်ဖြတ်ခဲ့သော ဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။
ယင်းရုပ်သံတွင် မောင်းနှင်လာသော ရေယာဉ် ၃ စင်းကို လောင်ချာများ၊ လက်နက်ကြီးများဖြင့် AA အကြမ်းဖက်က ပစ်ခတ်ရန် အသင့်စောင့်ဆိုင်းနေကြရာ အဆိုပါရေယာဉ်များမှာ ကျောက်တော်တံတားအောက်သို့ ရောက်ရှိလာချိန်တွင် တရစပ် ပစ်ခတ်ခဲ့ကြသည်ကို ထွက်ပေါ်လာသော ရုပ်သံမှတ်တမ်းတွင် မြင်တွေ့ရသည်။
ယင်းသို့ ပစ်ခတ်နေစဉ် AA အကြမ်းဖက်အဖွဲ့ဘက်က စီစဉ်ညွှန်ကြားသူက ရုပ်သံကိုရိုက်ကူးမှတ်တမ်းတင်နေသည့်အပြင် လက်နက်ကြီးထိမှန်သည့် ရေယာဉ်ကိုကြည့်၍ ဝမ်းသာအားရ ပြောဆိုနေပြီး ယင်းတို့ ပစ်မှတ်ထိသွားသည့်အပေါ် အလွန်ပင် လှပကြောင်း ကြွားလုံးထုတ်ပြောဆိုကာ မနားတမ်း ပစ်ခတ်ရန်လည်း ပြောဆိုနေသည်ကို တွေ့ရသည်။
AA အကြမ်းဖက်များက ပစ်ခတ်တိုက်ခိုက်ခဲ့သောအဆိုပါ ရေယာဉ်များမှာ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ဒေသများမှ ဒေသခံများ အားကူညီပေးနိုင်ရန် ကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်၍ ရန်ကုန်မှ သယ်ယူကူညီပို့ဆောင်ခဲ့သော ကမ်းထိုးရေယာဉ်များလည်း ဖြစ်သည်။
“ဒီရုပ်သံဟာ မနှစ်က ရုပ်သံပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရခိုင်အကြမ်းဖက် AA က ဘယ်လို အကြမ်းဖက်တယ်ဆိုတာကို မှတ်တမ်းသက်သေ ဖြစ်ပါတယ်။ အဲဒီကမ်းထိုးရေယာဉ် ၃ စင်းပေါ်မှာ မှီခိုသူတွေ၊ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း ၉၀၀ ကျော် ပါဝင်ခဲ့တာပါ။ ဒါက မေ့လို့ ရနိုင်မယ့် အခြေအနေမဟုတ်ပါဘူး”ဟု ရခိုင့်အရေးကို စောင့်ကြည့်နေသူတစ်ဦးက MT News ကို ပြောသည်။
ယင်းရေယာဉ်များတိုက်ခိုက်ခံရပြီးနောက် အသက်ရှင်နေသေးသူများက ကမ်းပေါ်သို့တက်ပြေးစဉ် ဒေသခံများက ဓားဖြင့်ဝိုင်းခုတ်ကြသောကြောင့်လည်း သေဆုံးခဲ့ကြရပြီး ရေကူးတတ်သူအချို့သာ ကယ်ဆယ်ရေးအဖွဲ့များဖြင့် တွေ့သောကြောင့် အသက်ရှင်လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။
AA အကြမ်းဖက်အဖွဲ့က အဆိုပါ ဖြစ်ရပ်အပေါ် နစက၏ သင်္ဘောများကို အလဲထိုးကာ အောင်ပွဲရယူနိုင်ခဲ့သော နေ့ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်က ထုတ်ပြန်ခဲ့သေးသည်။