၁၁. ၁. ၂၀၂၅
Written by Nay Moe
PDF အဖြစ်မှ နုတ်ထွက်ထားသူ အမျိုးသမီးတစ်ဦးက PDF ဖြစ်လိုသူများထံမှ ငွေလိမ်လည်သည်ကို Rangoon Urban Column (R.U.C) က ဖမ်းမိသော်လည်း အရေးမယူဘဲ အသိပေးချက်သာ ထုတ်ပြန်လာသည်။
ဖြစ်စဥ်မှာ Rangoon Urban Column မှ အဘ ဦးမြင့်ဝေ၏ သမီးဖြစ်သူ မမြတ်သဇင်လှိုင် (ခ) မဂျိုဂျို (၁၂/ကမတ (နိုင်) ဝ၉၈၃၇၇) ကိုင်ဆောင်သူသည် R.U.C စစ်ကြောင်းမှ ယမန်နှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် တော်လှန်ရေးနှင့် ပက်သက်သော တာဝန်များ ဆက်လက်ထမ်းဆောင်လိုခြင်းမရှိသောကြောင့် အဖွဲ့မှတရားဝင် နုတ်ထွက်ခဲ့သလို ၎င်းနှင့်ပက်သက်သည့်တာဝန်များကိုလည်း ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်သည်။
R.U.C အဖွဲ့မှ တရားဝင်နုတ်ထွက်ပြီးသော်လည်း R.U.C စစ်ကြောင်းသို့ ဝင်ရောက်လိုသူများအား Tiktok Media မှတစ်ဆင့် Telegram သို့ ချိန်းကာ တစ်ဦးလျှင် နှစ်သိန်းကျပ်နှုန်းဖြင့် လာရောက်ခေါ်ဆောင်ပေးမည်ဆိုကာ ငွေကြေး လိမ်လည်တောင်းယူခဲ့သည်။ လက်ရှိတွင်လည်း ဂျိုဂျိုသည် မည်သည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခု၏အောက်တွင်မှ တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ ရွာသားအဖြစ် နေထိုင်ခြင်းသာဖြစ်သည်ဟုဆိုသည်။
အဆိုပါကိစ္စနှင့်ပက်သက်၍ ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် သက်သေများနှင့်တကွ သွားရောက်စစ်ဆေးခဲ့ရာ မဟုတ်မမှန်ကြောင်း Account Hack ခံရကြောင်း ထွက်ဆိုခဲ့သည်။ ထို့နောက် သက်သေအသံ Record နှင့်တကွ ချပြမှသာဝန်ခံခဲ့သည်။ ဆက်လက်၍ ၄င်းကျူးလွန်သည့် ကိစ္စတွင် တစ်ဦးတစ်ယောက်ထဲမဟုတ်ကြောင်း သိရှိရကြောင်းနှင့် အဆိုပါအမျိုးသမီးနှင့်ပက်သက်၍ နောက်နောင်မည်သို့သောကိစ္စရပ်များကိုမှ R.U.C စစ်ကြောင်းမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း စစ်ကြောင်းတာဝန်ခံ ရဲသောင်းက အသိပေးထုတ်ပြန်ထားသည်။