၁၁.၁ .၂၀၂၅
Written by Shwe Phyo
ထိုင်းရဲတပ်ဖွဲ့သည် ကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုနှင့်ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ထိုင်း ဆိုက်ဘာရာဇဝတ်မှု ရဲတပ်ဖွဲ့ ဗျူရို အကြီးအကဲက တစ်လလျှင် လူတစ်ဦးအတွက် ဘတ် ၂၅၀ ဝင်ကြေးပေးရသည့် Online chat group ၏အဖွဲ့ဝင် လူငယ်နှစ်ဦးသည် လိင်ပိုင်းဆိုင်ရာစော်ကားခံရသည်ဆိုသောတိုင်ကြားချက် သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးကာဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ထိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် သက်သေများကို စုဆောင်းရရှိနိုင်ရန်အတွက် အဆိုပါ Online chat group တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး စုံစမ်းရာ ရုပ်သံဖိုင်များတွင် အရွယ်မရောက်သောကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသည့် ရုပ်သံဖိုင်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသော Liveကို စောင့်ကြည့်ရန် လိုလားသူများသည် အဆိုပါ Online chat group အပြင် နောက်ထပ်လျှို့ဝှက်ထားသည့် “Secret” online chat group ကို ထပ်မံဝင်ရောက်ရမည်ဖြစ်ပြီး “Secret” online chat group တွင် ပါဝင်လိုပါက နောက်ထပ် ထိုင်းဘတ် ၁၀၀ ပေးရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုများနှင့်ပတ်သက်ပြီး စုံစမ်းခဲ့ရာ ရုပ်သံဖိုင်ထဲတွင်တွေ့ရသော ကလေးနှစ်ဦးသည် အသက် ၁၀ နှင့် ၁၃ နှစ်အရွယ်များဖြစ်ကာ ချင်းမိုင်မြို့ Mae Wang အရပ်ဒေသတွင်နေထိုင်နေသည့် နိုင်ငံမဲ့ကလေးငယ်များဖြစ်ကြောင်း ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသော ရုပ်သံဖိုင်များအပါအဝင် လိင်ပိုင်းဆိုင်ရာရုပ်သံအကြောင်းအရာများကို ဖော်ပြနေသည့် Online chat group ကို ဦးဆောင်လုပ်ကိုင်နေသူအား စုံစမ်းခဲ့ရာ အသက် ၂၇ နှစ်အရွယ်ရှိ စိုင်းသန်းဦးဆိုသူ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်း ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် တရားခံ စိုင်းသန်းဦးကို ဖမ်းဆီးရန်စုံစမ်းစစ်ဆေးခဲ့ချိန်တွင် ဇန်နဝါရီ ၉ ရက်နေ့က San Pa Tong အရပ်ဒေသတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ဖုန်းကိုလည်း သိမ်းဆည်းခဲ့ကြောင်း ပြောသည်။
ဖုန်းထဲတွင် အသက်မပြည့်သေးသော ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားထားသည့် ရုပ်သံဖိုင်များကို တွေ့မြင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ စိုင်းသန်းဦးက ၎င်းသည် အသက်မပြည့်သေးသော ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်သောရုပ်သံဖိုင်များ ဖော်ပြသည့် Online chat group တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သူများထံမှ တစ်လကို ဘတ် ၁ သောင်း ရရှိကြောင်း ဝန်ခံထားပြီး လက်ရှိတွင် စိုင်းသန်းဦးကို ထိုင်းရဲတပ်ဖွဲ့က အသက်မပြည့်သေးသောကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာပြုကျင့်စော်ကားမှု၊ သက်ငယ်မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာဗီဒီယိုများ လက်ဝယ်ထားရှိမှု စသည့် အမှုများစွာဖြင့် ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။