၁၁. ၁. ၂၀၂၅
Written by Nyein Kyaw
၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် နေပြည်တော်ကောင်စီနယ်မြေ၌ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှ MSME ထုတ်ကုန်များ ခင်းကျင်းပြသကာ MSME ထုတ်ကုန်ပြိုင်ပွဲကြီးတစ်ခု ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။
ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ပြီး နှစ်စဉ်ကျင်းပလျက်ရှိသည့် အခမ်းအနားဖြစ်သောကြောင့် အတွေ့အကြုံများရှိကြပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ်များက အခမ်းအနား၏ အတွေ့အကြုံများကိုလေ့လာပြီး ချို့ယွင်းချက်၊ အားနည်းချက်နှင့် အခက်အခဲများ မဖြစ်ပေါ်စေရန်အတွက် အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ဆက်စပ်လျက် နေပြည်တော်ကောင်စီနယ်မြေ၌ပင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံး၏ MSME ထုတ်ကုန်များ ခင်းကျင်းပြသခြင်း၊ ဒေသအသီးသီးမှ ထုတ်ကုန်ပစ္စည်အချင်းချင်း ယှဉ်ပြိုင်မှုမှတဆင့် အရည်အသွေးနှင့် ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေခြင်းနှင့် ဖွံ့ဖြိုးစေခြင်းကို ရည်ရွယ်၍ MSME ထုတ်ကုန်ပြိုင်ပွဲကြီး တစ်ရပ် ကျင်းပရန်အပြင် ဒေသန္တရရိုးရာအစားအစာများကိုလည်း တစ်နေရာတည်း၌ပင် အမျိုးအစားစုံလင်စွာဖြင့် ထိတွေ့ခံစားနိုင်စေရန်အတွက်လည်း စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။