၁၁.၁.၂၀၂၅
Translated by Htwe Ko Tun
Delta Airlines လေကြောင်းလိုင်းမှ ဘိုးရင်း ၇၅၇ လေယာဉ်တစ်စီးဟာ ဇန်နဝါရီလ ၁၀ ရက် နံနက်က ခရီးသည် ၂၀၀ ခန့်တင်ဆောင်ပြီး အတ္တလန်တာမြို့ရဲ့ Hartsfield-Jackson Atnlanta လေဆိပ်ကနေ အမေရိကန်ပြည်ထောင်စု၊ မင်နီပိုလိစ်မြို့ကို ထွက်ခွာဖို့ပြင်နေခိုက်မှာ အင်ဂျင်ပြဿနာဖြစ်ခဲ့ရလို့ ပျံသန်းမှုခရီးစဉ်ကိုဖျက်သိမ်းပြီး ခရီးသည်တွေကို ရွှေ့ပြောင်းကယ်ဆယ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။
ဓာတ်ပုံတွေ၊ ဗီဒီယိုတွေမှာတော့ နှင်းတွေကျပြီး အေးမြနေတဲ့လေဆိပ်မှာ ခရီးသည်တွေကို လျှောတွေနဲ့ ကယ်ထုတ်ပြီးနောက် လေယာဉ်မှ ဝေးရာကို လမ်းလျှောက်သွားနေကြတာတွေ့ကြရပါတယ်။ ဖြစ်ရပ်မှာ လေယာဉ်စီးခရီးသည်လေးဦးအနည်းဆုံးဒဏ်ရာရခဲ့တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။
လေယာဉ်ကအင်ဂျင်ပြဿနာနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ Delta Airlines လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူ မော်ဂန်ဒါးရန့်က ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါက နှင်းမုန်တိုင်းကျရောက်နေတဲ့ ရာသီဥတုအခြေအနေကြောင့်ဖြစ်မလားဆိုတာတော့ လေကြောင်းလိုင်းအနေနဲ့ မပြောနိုင်သေးပါဘူး။
ခရီးသည် ၂၀၁ ယောက်၊ လေယာဉ်မှူးနှစ်ယောက်နဲ့ လေယာဉ်ဝန်ထမ်းငါးယောက်တို့ကို ဘိုးရင်း ၇၅၇-၃၀၀ လေယာဉ်ပေါ်ကနေ လေထိုးဖောင်းကားနေတဲ့လျှောတွေအသုံးပြုပြီး ရွှေ့ပြောင်းကယ်ထုတ်ခဲ့ကာ လေဆိပ်အဆောက်အအုံကို ပြန်လည်ပို့ပေးခဲ့ပါတယ်။ ဒဏ်ရာရခရီးသည်တွေအနက်တစ်ဦးကို ဆေးရုံကို ပို့ပေးခဲ့ရပြီး ကျန်သုံးဦးကတော့ အသေးအမွှားဒဏ်ရာလေးတွေသာရခဲ့တဲ့အတွက် လေဆိပ်မှာပဲ ကုသပေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပြည်ထောင်စုလေကြောင်းပျံသန်းရေးစီမံခန့်ခွဲမှုအဖွဲ့က ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
Hartsfield-Jackson Atnlanta လေဆိပ်ရဲ့ ပြေးလမ်းငါးခုစလုံးကို ဇန်နဝါရီလ ၁၀ ရက်မှာ အချိန်အတိုင်း အတာတစ်ခုအထိ ပိတ်ထားခဲ့ရပါတယ်။ မွန်းလွဲပိုင်းမှာတော့ Delta Airlines လေကြောင်းလိုင်းက လေယာဉ်ပျံသန်းမှုခရီးစဉ် ၅၀၀ ခန့်ကို လေဆိပ်မှာဖျက်သိမ်းခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။
Ref- CBS