၁၂. ၁. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံတွင် CMP စက်ရုံ၊ အလုပ်ရုံပေါင်း ၇၃၈ ရုံရှိသည့်အနက် နိုင်ငံခြားငွေ ဝင်ရောက်မှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ငွေစာရင်းဖွင့်လှစ်ထားရှိသည့် စက်ရုံများတွင် နိုင်ငံခြားငွေဝင်ရောက်သည့် စက်ရုံ ၃၆၂ ရုံရှိပြီး နိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသည့် စက်ရုံ ၂၈၄ ရုံတွေ့ရှိခဲ့ကာ ငွေစာရင်း ဖွင့်လှစ်ထားခြင်းမရှိသည့် စက်ရုံ ၉၂ ရုံ တွေ့ရှိခဲ့ရကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
“ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသော စက်ရုံများ ငွေကြေးလည်ပတ်သုံးစွဲရာတွင် ဘဏ်စနစ် အသုံးပြုရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
နိုင်ငံတော်၏ ဘဏ္ဍာရေးလုပ်ငန်းစဥ်များတွင် နိုင်ငံခြားငွေစီးဆင်းမှုသည်လည်း နိုင်ငံတော်စီးပွားဖွံဖြိုးတိုးတက်မှုအတွက် အရေးကြီးသောကဏ္ဍမှပါဝင်လျက်ရှိသည့်အတွက် နိုင်ငံခြားငွေဝင်ရောက်ထားခြင်းမရှိသော စက်ရုံများသည် ပြည်ပမှ အသုံးစရိတ်များ လွှပြောင်းသုံးစွဲရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဥ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည်။
CMP စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုမိန့်ရရှိသည့် လုပ်ငန်းများအား တည်ဆဲဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်ကြေညာစာများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ အခွန်ပေးဆောင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောပြန်ထုတ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ခြင်း (CMP) လုပ်ငန်းအမျိုးစားကို အထည်ချုပ်လုပ်ငန်းများမှ အဓိကလုပ်ကိုင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ အခြားသော ဖိနပ်လုပ်ငန်း၊ မှန်ဘီလူးထုတ်လုပ်သည့်လုပ်ငန်း၊ လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။