၁၁. ၁. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် သုံးရက်အတွင်း ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄ သန်းခွဲကျော် ထပ်မံထုတ်ရောင်းပေးခဲ့၍ ၂၀၂၅ နှစ်အစ တစ်ပတ်ကျော်အတွင်း ဒေါ်လာ ၅၄ သန်းခွဲကျော် ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီလ ၇ ရက်တွင် ဒေါ်လာ ၂ ဒသမ ၁၅၁ သန်း၊ ဇန်နဝါရီလ ၈ ရက်တွင် ဒေါ်လာ ၂၅၆,၉၆၅ နှင့် ဇန်နဝါရီလ ၉ ရက်တွင် ဒေါ်လာ ၂ ဒသမ ၂၀၇ သန်းဖြင့် သုံးရက်ဆက်တိုက် ထုတ်ရောင်းပေးမှု ဒေါ်လာ ၄ ဒသမ ၆၁၄ သန်းရှိသည်။ ဇန်နဝါရီလ ၁၀ ရက် (ယမန်နေ့)တွင် တရုတ်ယွမ် ၇၁၄,၈၅၃ ကိုလည်း ထပ်မံထုတ်ရောင်းပေးခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် ယခု သုံးရက်ဆက်တိုက် ထုတ်ရောင်းပေးမှုအပါအဝင် ဇန်နဝါရီလ ၂ ရက်နှင့် ၆ ရက်နေ့တို့တွင် ဒေါ်လာ ၂၅ သန်းစီ ထုတ်ရောင်းပေးထားပြီးဖြစ်၍ ၂၀၂၅ ခုနှစ်၊ နှစ်အစ ဇန်နဝါရီလ ၂ ရက်မှ ၁၀ ရက်အထိ တစ်ပတ်ကျော်အတွင်း ဒေါ်လာ ၅၄ ဒသမ ၆၁၄ သန်း၊ ထိုင်းဘတ် ၅ ဒသမ ၃၂၉ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၉၁၄ သန်း ထုတ်ရောင်းပေးထားသည်။
နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်းမှာလည်း ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့သည်။ ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ ထုတ်ရောင်းပေးထားသည်။
ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးနေမှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများနှင့် ရက်ရှည်ရုံးပိတ်ရက်များရှိခဲ့သော်လည်း ယနေ့တွင် တစ်ဒေါ်လာ ၄,၆၀၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၁ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၀၈ ကျပ်ဖြင့် နိုင်ငံခြားငွေဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်။