◾️ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကန့်ကွက်မှုများရှိနေ၍ ဆိုလာစနစ်ကို အားပေးဆောင်ရွက်နေရ
◾ တပ်နယ်များအလိုက် မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသအတွင်း အကြမ်းဖက်မှုများမရှိစေရေးနှင့် နယ်မြေလုံခြုံရေးကို စနစ်တကျ ဆောင်ရွက်ရန်ပါ SAC ဥက္ကဋ္ဌ မှာကြား
၁၀. ၁. ၂၀၂၅
Written by Nyein Kyaw
လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်မှုနှင့် ပတ်သက်၍ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများ၊ အချို့စက်ရုံများအနေဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်းများ၊ ဓာတ်ငွေ့လိုအပ်ချက် မပြည့်မီမှုများကြောင့် အခက်အခဲများရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးစဉ် ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် မိမိတို့အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိတ္ထီလာသည် မိုးရွာရက်နည်းသည့် ဒေသဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်သည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်း လိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
လျှပ်စစ်ဓာတ်အားဖြန့် ဝေပေးနိုင်မှုနှင့်ပတ်သက်၍ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများ၊ အချို့ စက်ရုံများ အနေဖြင့် စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းများ၊ ဓာတ်ငွေ့လိုအပ်ချက်မပြည့်မီမှုများကြောင့် အခက်အခဲများရှိကြောင်း၊ ထို့အပြင် နိုင်ငံတော်မှ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကန့်ကွက်မှုများလည်းရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင် ရွက်၍ရသည့် ဆိုလာစနစ်ကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်မှဆောင်ရွက်လျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင် တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု တပ်ဆင်စက်အင်အားသည် မဂ္ဂါဝပ် ၇၂၀၀ ကျော်ရှိပြီး စက်စွမ်းအားပြည့်လည်ပတ်နိုင်မည်ဆိုပါက မဂ္ဂါဝပ် ၄၀၀၀ ကျော် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ သို့သော် အကြမ်းဖက်သမားများက လျှပ်စစ်ဖြန့်ဖြူးရေးတာဝါတိုင်များ ဖျက်ဆီးခဲ့မှု၊ ရာဂီမုန်တိုင်းဒဏ်ခံခဲ့ရမှုအပြင် သဘာဝဓာတ်ငွေ့ အပြည့်အဝမရရှိမှုများကြောင့် လက်ရှိတွင် မဂ္ဂါဝပ် ၂၀၀၀ အောက် လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းကျော်သာ ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။
ယင်းအခြေအနေများကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာတွင် အချိန်ပိုင်းအလှည့်ကျ ဖြန့်ဖြူးပေးနေမှုအခြေအနေ ဖြစ်သည့်အပြင် လက်ရှိတွင် အလှည့်ကျမီးပျက်ချိန်များ ယခင်ထက် အချိန်တိုးကာ လျှပ်စစ်မီးများ ဖြတ်တောက်နေရသည့် အခြေအနေဖြစ်သည်။
ထိုအခြေအနေများကြောင့် တပ်နယ်များအလိုက် မိမိတို့တာဝန်ထမ်းရသည့် ဒေသအတွင်း အကြမ်းဖက်မှုများ မရှိစေရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို စနစ်တကျ ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ်ပင် မှာကြားခဲ့သည်။
နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ အသက်ခန္ဓာဆုံးရှုံးခဲ့ကြရသကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားသည့် လမ်းတံတားများ၊ စက်ရုံအလုပ်ရုံများ၊ အဆောက်အဦများ များစွာပျက်စီးဆုံးရှုံး ထိခိုက်နစ်နာခဲ့ရကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်မှ ထိခိုက်နစ်နာရသကဲ့သို့ ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း လူမှုရေး၊ စီးပွားရေးအရ ထိခိုက်နစ်နာခဲ့ရခြင်းများရှိခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် အကြမ်းဖက်မှု ဖြစ်စဉ်များအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သော စိတ်ဓာတ်တို့ဖြင့် ကာကွယ်သွားရမည်ဖြစ်ကြောင်း၊ တပ်နယ်များအလိုက် မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသအတွင်း အကြမ်းဖက်မှုများမရှိစေရေး၊ လက်နက်ကိုင်၍ ပြည်သူလူထုကို အနိုင်ကျင့်နေမှုများမရှိစေရေး နယ်မြေလုံခြုံရေးတာဝန်များကို စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
တပ်မတော်သားများအနေဖြင့်လည်း တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည်ဆောက်၍ တပ်နှင့်ပြည်သူ တစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိရန်လိုကြောင်း၊ တပ်တွင်း၊ တပ်ပြင် အင်အားများကို တည်ဆောက်၍ စုစည်းညီညွတ်သည့်အားဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ဒေသ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်ပြီး ပြည်သူက လေးစားရသည့်၊ အားကိုးရသည့် စစ်သည်များဖြစ်အောင် နေထိုင်ကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။