၁၀.၁.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၆×၆၈ လမ်းကြား၊ ၂၈×၃၀ လမ်းကြားရှိ တိုင်းရဲအကူတပ်ဖွဲ့ခွဲ (မန္တလေး) အကြပ်စစ်သည်လိုင်းခန်းတွင် ယနေ့ ဇန်နဝါရီလ ၁၀ ရက် ၉ နာရီ ၄၅ မိနစ်ခန့်က ဂတ်စ်မီးဖိုဖြင့် ကြက်ဥပြုတ်ရာမှ ရဲဝန်ထမ်းလိုင်းခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဝန်ထမ်းလိုင်းခန်းရှိ အလျား ၁၅ ပေ၊အနံ ၁၅ ပေ၊ သွပ်မိုးထရံကာ ပျဥ်ခင်းနေအိမ်တစ်ခန်းတွင် မိသားစုဝင်တစ်ဦးက ဂတ်စ်မီးဖိုဖြင့် ကြက်ဥပြုတ်ရာမှ ရေခမ်းပြီး ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိနစ်၂၀ ကျော် ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် ဝန်ထမ်းလိုင်းခန်း ၈ ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
“အိမ်တွေက ကပ်နေတော့ မီးလောင်မှုလည်းမြန်တာ။ဝန်ထမ်းလိုင်းခန်း ၈ ခန်းလောက်ပါသွားတယ်”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၅ စီး၊ အုပ်ချုပ်မှုယာဥ် ၃ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သူ အမျိုးသားကို အမှတ်(၃)နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။