၁၀. ၁. ၂၀၂၅
Written by Nay Moe
တရုတ်နိုင်ငံအလိုကျ နိုင်ငံရေးဆွေးနွေးမယ်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ တအာင်းလက်နက်ကိုင် TNLA က ဒီနေ့မှာတော့ နစက စစ်ရေးအရ ကျရှုံးမှုရင်ဆိုင်နေရချိန်မှာ တော်လှန်ရေးအရှိန် အမြင့်ဆုံးလွှင့်တင်ပြီး အောင်ပွဲရယူမယ်လို့ ထုတ်ပြန်လာပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာတဲ့ PSLF/TNLA ရဲ့ နှစ်ပတ်လည်အစည်းအဝေးထုတ်ပြန်ချက် “နှစ်ပတ်လည်အစည်းအဝေးကြီးတွင် မြန်မာစစ်အာဏာရှင်စနစ်ဆိုးအား ချေမှုန်းတိုက်ခိုက်နေသည့် တော်လှန်ရေး အခြေအနေများ ဆွေးနွေးသုံးသပ်ခြင်း၊ အဖွဲ့အစည်း၏ တစ်နှစ်တာလုပ်ငန်းများပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင် အားဖြည့်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ တအာင်းတပ်မတော်ကို တပ်မဟာ (၉) ခုအဖြစ် တိုးချဲ့ပြင်ဆင်ခြင်းနှင့်အတူ တအာင်းပြည်၏ အုပ်ချုပ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် မြို့(၁၈) မြို့ပါဝင်သည့် ခရိုင် (၅) ခုကိုလည်း ပြင်ဆင်စုဖွဲ့ သဘောတူခဲ့ကြပါသည်။ ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြရသော တော်လှန်ရေးအင်အားစုအသီးသီးတို့သည် နိုင်ငံတဝှမ်း နယ်မြေ ဒေသအသီးသီးတွင် ဘုံရန်သူကို ထိုးစစ်ဆင်တော်လှန်နေကြသဖြင့် နစက မြန်မာစစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦး တော်လှန်ရေးအင်အားစုများအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်ခါကောင်းဖြစ်သည်ဟု အစည်းအဝေးကြီးက ရှုမြင်သုံးသပ်ပါသည်”လို့ ဖော်ပြခဲ့ပါတယ်။
TNLA ဟာ နိုင်ငံရေးဆွေးနွေးမယ်လို့ ထုတ်ပြန်စဥ်ကလည်း အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုတဲ့ သဘောဆန္ဒမရှိဘဲ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် ဟန်ပြထုတ်ပြန်တာလို့ ဝေဖန်မှုတွေရှိခဲ့သလို တရုတ်နိုင်ငံမှာ ထပ်မံပြုလုပ်တဲ့ဆွေးနွေးပွဲလည်း ညှိနှိုင်းအဆင်မပြေမှုတွေဖြစ်ခဲ့အပြီးမှာ တစ်ကျော့ပြန် စစ်ရေးတိုက်ခိုက်မှုတွေ ဆက်ဖြစ်လာအပြီးမှာ TNLA က နစက စစ်ရေးအရ ကျရှုံးမှုရင်ဆိုင်နေရချိန်မှာ တော်လှန်ရေးအရှိန် အမြင့်ဆုံးလွှင့်တင်ကာ အောင်ပွဲရယူမယ်လို့ ထုတ်ပြန်လာတာပဲဖြစ်ပါတယ်။