၁၀.၁.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံရှိကွန်ဒိုမီနီယံအဆောက်အအုံအခန်းတွေကို မြန်မာနိုင်ငံသားတွေ ဝယ်ယူမှုကို မြန်မာအစိုးရက နိုင်ငံခြားငွေ ပြည်ပစီးထွက်မှု တန့်သွားစေဖို့ ဆောင်ရွက်မှုတချို့ကြောင့် လျော့ကျသွားခဲ့ပေမယ့် ၂၀၂၄ ခုနှစ်ရဲ့ ပထမ ကိုးလအတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုမီနီယံဝယ်တဲ့နိုင်ငံခြားသားတွေမှာ တရုတ်နိုင်ငံသားတွေပြီးရင် မြန်မာနိုင်ငံသားတွေက ဒုတိယနေရာမှာ ဆက်ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ ထိုင်းနိုင်ငံမှာ ကွန်ဒိုမီနီယံအခန်းဝယ်ယူမှုက ရုရှားနိင်ငံသားတွေကို သာလွန်လာခဲ့တာလို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံက အိမ်ရာလုပ်ငန်းတစ်ခုဖြစ်တဲ့ Cushman & Wakefield မှ သုတေသနအကြီးအကဲနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဆူရာချတ် ကုံချိ က ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ မြန်မာအစိုးရရဲ့ဆောင်ရွက်မှုတချို့ကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ကွန်ဒိုမီနီယံ အခန်းဝယ်ယူမှုက ခေတ္တရပ်ဆိုင်းသွားခဲ့ပေမယ့် အခုအခါ ဝယ်ယူမှုတွေ ပြန်လည်စတင်နေပြီလို့ဆိုခဲ့ပါတယ်။
သူက မြန်မာအစိုးရရဲ့ဆောင်ရွက်မှုကြောင့် ဈေးကွက်မှာ မြန်မာနိုင်ငံသားတွေ ကွန်ဒိုအခန်းဝယ်ယူမှုရပ်ဆိုင်းတာက ခဏသာ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။
ကွန်ဒိုမီနီယံအဆောက်အအုံသစ်တွေ ဆောက်လုပ်ပြီးတဲ့ ထိုင်းကုမ္ပဏီတွေက မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို အိမ်ခြံမြေလေ့လာရေးခရီးခေါ်ဆောင်ဖို့ ပိုကြိုက်ကြသလို ဒါက ဈေးကွက်အတွက်ပိုလို့ အဆင်ပြေပြီး ဝယ်ယူလိုသူတွေနဲ့လည်း တိုက်ရိုက်ထိတွေ့စကားပြောလို့ရတယ်လို့ ဆူရာချတ် က ပြောခဲ့ပါတယ်။
ဒါ့ပြင် သူက “၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေ ဝယ်ယူမှုကြောင့် ကွန်ဒိုအခန်းတွေ လွှဲပြောင်းပေးရမှုက အားကောင်းနေတာ တွေ့ရပါတယ်။ ဒါက တချို့က ဒီမတိုင်ခင်ထဲက ဝယ်ယူထားကြတာတွေဖြစ်ပြီး မြန်မာနိုင်ငံသားဝယ်ယူသူတွေအနေနဲ့ ပြည်ပကို ငွေလွှဲမှုတွေပြုလုပ်ထားပြီးတာ တွေ့ရတယ်” လို့လည်း ဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကွန်ဒိုမီနီယံတိုက်ခန်းတွေကို မြန်မာနိုင်ငံသားတွေက ဝယ်ယူမှုဟာ ၂၀၂၄ ခုနှစ်မှာ စံချိန်သစ် တင်လိမ့်မှာဖြစ်ပြီး ပထမကိုးလအတွင်း ရောင်းချရမှုကပဲ ၂၀၂၃ ခုနှစ်မှာတင်ခဲ့တဲ့စံချိန်ကို ကျော်လွန်သွားပါပြီ။
အိမ်ခြံမြေသတင်းအချက်အလက်ဗဟို(REIC) ရဲ့ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း မြန်မာနိုင်ငံသားတွေ ကွန်ဒိုအခန်းများဝယ်ယူမှုက ဘတ်ငွေ ၅ ဒသမ ၄၆ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၁,၀၅၀ ခန်းရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလက ဘတ်ငွေ ၂ ဒသမ ၂၅ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၃၄၇ ခန်းကိုပဲ ဝယ်ယူခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာတင် ဘတ်ငွေ ၃ ဒသမ ၂၄ ဘီလျံတန်ဖိုးရှိတဲ့ကွန်ဒိုအခန်း ၆၃၈ ခန်း ကို မြန်မာနိုင်ငံသားတွေက ဝယ်ယူခဲ့တာလို့လည်း သိရပါတယ်။
၂၀၂၃ ခုနှစ်တစ်နှစ်လုံးမှာလည်း မြန်မာနိုင်ငံသားတွေက ဘတ်ငွေ ၃ ဒသမ ၇ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၅၆၄ ခန်းကို ဝယ်ယူခဲ့တာမို့ ၂၀၂၂ ခုနှစ်က ဝယ်ယူခဲ့ကြတဲ့ ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၃၄၉ ခန်းထက် သိသိသာသာမြင့်တက်လာခဲ့တာလို့ သိရပါတယ်။
Ref -Bangkok Post