၁၀. ၁. ၂၀၂၅
Written by Nay Moe
ပြည်၊ နတ်မောက်နဲ့ စစ်ကိုင်းမြို့တွေက ရာအိမ်မှူးဇနီးမောင်နှံအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူ ၅ ဦးကို NUG လက်အောက်ခံ PDF တွေက တစ်နေ့တာအတွင်း သတ်ဖြတ်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်တွေက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅ မိနစ် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရေကြည်ကုန်းကျေးရွာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အဆိုပါ ကျေးရွာနေ ဆယ်အိမ်မှူး ဦးဇော်မင်းဦး(ခ)ဦးချစ်ကို(ခ)ချက်ဖောင်း (၄၀)နှစ်ဟာ ဇနီးဖြစ်သူ ဒေါ်ဇာဖြူနှင်း (၃၀) နှစ်နဲ့အတူ နေအိမ်မှာ ရှိနေချိန် PDF လေးဦးက ဆိုင်ကယ်နှစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့လို့ ဇနီးမောင်နှံနှစ်ဦးစလုံး ကျည်ထိမှန်ဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့တာပါ။ ဒါ့အပြင် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်မှာ ပြည်မြို့နယ်၊ မြို့လှကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးအောင်နိုင်ဦး(၅၀)နှစ်ဟာ နေအိမ်မှာရှိနေချိန် PDF ခြောက်ဦးက ဆိုင်ကယ်သုံးစီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားလို့ ကျည်ထိမှန်ဒဏ်ရာများစွာ ရရှိကာ သေဆုံးသွားခဲ့တာပါ။ ဒီလူသုံးဦးသတ်ဖြတ်မှုကိုတော့ ပေါင်းတည် PDF အဖွဲ့ဖြစ်တဲ့ ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ PPDF ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၃) က သတ်ဖြတ်တာလို့လည်း ကျူးလွန်တဲ့ PDF တွေက ဝန်ခံထားပါတယ်။
အလားတူ ညနေ ၄ နာရီ ၅၀ မိနစ်မှာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အိုင်ဇောက်ကျေးရွာမှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုဝင်း(၆၈)နှစ်ဟာ နေအိမ်မှာရှိနေချိန် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့လို့ ကျည်ထိမှန်ဒဏ်ရာတွေ ရရှိကာ သေဆုံးသွားခဲ့တာပါ။
ဒါ့အပြင် ည ၇ နာရီ ၁၀ မိနစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်နေ ဒေါ်ဥမ္မာတင်(၆၂)နှစ်ဟာ နေအိမ်မှာရှိနေချိန် PDF သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့လို့ ကျည်ထိမှန်ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တာလို့ သိရပြီး ဒီသတ်ဖြတ်မှုဖြစ်စဉ်တွေက ကျူးလွန်သူဖမ်းမိရေး သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။