၁၀. ၁. ၂၀၂၅
Written by Nay Moe
နိုင်ငံရေးခိုလှုံခွင့်နဲ့ ဩစတြေးလျနိုင်ငံကို ထွက်ပြေးသွားတဲ့ NLD ပါတီဝင်တစ်ဦးရဲ့ ဇနီးသည်က မြန်မာကုန်စုံဆိုင်တွေကနေ ပစ္စည်းခိုးတာကို ဖမ်းမိခဲ့တယ်လို့ KPV (ကရင်နီလူထုအသံ – Karenni People’s Voice) က ဒီမနက်မှာ သတင်းဖော်ပြလာပါတယ်။
ဖြစ်စဥ်က ဩစတေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့၊ ဟော်ပါခရောစင်းရပ်ကွက်က မြန်မာကုန်စုံဆိုင်တခုမှာ လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာအမျိုးသမီးတစ်ဦးဟာ အစားအသောက်တွေ ခိုးယူတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း၊ ဒီ အမျိုးသမီးဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးခိုလှုံခွင့်နဲ့ ဩစတေးလျနိုင်ငံ ရောက်ရှိလာခဲ့တဲ့ NLD ပါတီဝင်တစ်ဦးရဲ့ ဇနီးဖြစ်ကြောင်း၊ ခိုးယူခံရတဲ့ဆိုင်ပိုင်ရှင်က ဖြေဖို့ငြင်းကြောင်း၊ ပါခရောစင်းရပ်ကွက်နဲ့ ဝါယာဘီရပ်ကွက်ရှိ မြန်မာကုန်စုံဆိုင် အားလုံးနီးပါးကို KPV က ထပ်မံမေးမြန်းစုံစမ်းခဲ့ရာမှာ ဒီအမျိုးသမီးဟာ တခြားသော ကုန်စုံဆိုင်တွေကလည်း အလားတူ ခိုးယူမှုလုပ်ထားကြောင်း၊ကျူးလွန်သူ အမျိုးသမီးဖြစ်သူရဲ့ အမျိုးသားဖြစ်သူဟာ NLD ပါတီဝင်သာမက အရင် NLD အစိုးရလက်ထက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးမှာ တာဝန်ယူဖူးသူလည်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နောက်ပိုင်း နိုင်ငံရေးခိုလှုံခွင့်နဲ့ သြစတေးလျနိုင်ငံကို မြန်မာနိုင်ငံသား (၅၀၀) နီးပါးရောက်ရှိလာပြီး အများစုက NLD ပါတီဝင်တွေဖြစ်ကြောင်း ဖော်ပြထားသလို”သူ့ကို မသင်္ကာဖြစ်နေတာကြာပြီ။ အဲ့ဒီနေ့ကလာတော့ ခိုးနေတာကို CCTV ကြည့်နေတာ ပိုက်ဆံလာရှင်းတော့ ခိုးထားတာတွေ ပိုက်ဆံရှင်းခိုင်းပြီး ပြန်လွှတ်လိုက်တာ”လို့ ထိုဖြစ်စဥ်ကို သိရှိသူ တစ်ဦးက KPV ကို ပြောတယ်လို့လည်း ရေးသားထားပါတယ်။
KPV ဟာ ခိုးယူသူအမျိုးသမီးရဲ့အမည်၊ သူ့လင်သားဖြစ်တဲ့ နိုင်ငံရေးခိုလှုံခွင့်နဲ့ ဩစတြေးလျရောက်လာတဲ့ NLD ပါတီဝင်လည်းဖြစ်တဲ့ ရန်ကုန်စည်ပင်မှာတာဝန်ယူခဲ့သူအမည်၊ ခိုးယူခံရတဲ့ဆိုင်ပိုင်ရှင်အမည် စတာတွေမဖော်ပြထားတာကြောင့် ဝေဖန်မှုရှိနေပေမယ့် ဒီ KPV ဟာ ကယားပြည်နယ်အကြောင်းတွေဖော်ပြတဲ့ SAC တိုက်ခိုက်တဲ့ Exiled မီဒီယာဖြစ်ပြီး NLD၊ CRPH၊ NUG၊ PDF၊ EAOs တွေကို ထောက်ခံတဲ့ မီဒီယာဖြစ်သလို Admin တွေကလည်း ဩစတြေးလျနဲ့ ထိုင်းနိုင်ငံမှာ အခြေစိုက်ပါတယ်။ ဒါ့အပြင် KPV ရဲ့ သတင်းမီဒီယာလှုပ်ရှားမှုတချို့ကိုလည်း အရင်တုန်းက NLD ပါတီရဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ဆက်နွှယ်တဲ့၊ NLD ပါတီဝင်နဲ့ထောက်ခံသူတွေ ရာထူးယူဖွဲ့စည်းပြီး လက်ရှိမှာ PDF ထောက်ပို့ပရဟိတအသွင်ပြောင်းလဲထားတဲ့ Clean Yangon က ငွေကြေးထောက်ပံ့ထားတာဖြစ်ပါတယ်။
MT News သတင်းဌာနအနေနဲ့ နိုင်ငံတကာသတင်းဌာနတွေမှာ ဒီဖြစ်စဥ်မတွေ့ရှိတာကြောင့် စုံစမ်းရာမှာ ဩစတြေးလျရောက် မြန်မာတချို့ကလည်း ဖြစ်စဥ်မှန်တယ်လို့ ကြားသိရကြောင်း ပြောကြသလို NLD ထိပ်ပိုင်းပါတီဝင်ရဲ့ ဇနီးမို့ အပုပ်နံ့မထွက်အောင် ညှာထားကြကြောင်း သုံးသပ်မှုလည်းတွေ့ရပြီး KPV ကို MT News က “ဒီသတင်းဟာ မှန်ကန်တဲ့သတင်းဖြစ်ပါသလား။ ပို့စ်အောက်မှာလည်း ဒီသတင်းကို လီဆယ်တဲ့သဘောရေးထားတာ မြင်ရတော့ NLD ပါတီကို ထိုးနှက်တာလား ဖြေပေးပါ”လို့ မေးမြန်းရာမှာလည်း “တကယ်ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ပါ အကိုလည်း သတင်းထောက်ဆို စုံစမ်းကြည့်ပါ ကျေးဇူးပါ” လို့ ပြန်လည်ဖြေဆိုပါတယ်။