၁၀.၁.၂၀၂၅
Written by KL
ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပုန်ထွန်းရပ်ကွက်၊ တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းမဘေးရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းက လူငယ်တစ်ဦး ဓားဒဏ်ရာများဖြင့် အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ ကျပန်းအလုပ်လုပ်ကိုင်သော အသက် ၂၁ နှစ်အရွယ် ကိုအာကာမင်းဖြစ်ပြီး ဘယ်ဘက်နားထင်၊ ဦးခေါင်းနောက်စေ့နှင့် ဘယ်ဘက်လက်ပြင်တို့တွင် ပြတ်ရှဒဏ်ရာတစ်ချက်စီဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုအာကာမင်းမှာ အခန်းတံခါးပိတ်ထားကာ ညည်းတွားနေသဖြင့် ပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းကြည့်ရှုရာမှ ဓားဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိရသဖြင့် ဒေသခံလူမှုကူညီရေးအသင်းသို့ ဆက်သွယ်ကာ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ဓားဒဏ်ရာတွေနဲ့ကောင်လေးကို ဆေးရုံပို့တုန်း လမ်းမှာပဲဆုံးသွားတာ။ ဘယ်သူက ဓားနဲ့ထိုးသွားတာလဲဆိုတာ အခုထိတော့ မမိသေးဘူး”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
လူငယ်တစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။