၁၀.၁.၂၀၂၅.
Translated by Htwe Ko Tun
ဟောင်ကောင်အလံတင်လေကြောင်းလိုင်းဖြစ်တဲ့ Cathay Pacific လေကြောင်းလိုင်းနဲ့ နီပေါနိုင်ငံမှစီးနင်းလိုက်ပါလာတဲ့ ခရီးသည်တွေမှာ နှစ်ရက်ဆက်တိုက် အစာအဆိပ်သင့်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ လေကြောင်းလိုင်းက အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ရတဲ့ လေကြောင်းပျံသန်းမှုခရီးစဉ်နှစ်ခုပေါ်က ခရီးသည်တွေကို တောင်းပန်ခဲ့ပြီး ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုပြုဖို့ ကျန်းမာရေးအာဏာပိုင်တွေကို အထောက်အကူပေးသွားမယ်လို့ ဇန်နဝါရီလ ၉ ရက်မှာ ကတိပြုပြောကြားခဲ့ပါတယ်။
ဒီခရီးသည်တွေ အစာအဆိပ်သင့်မှု ဖြစ်ရပ်နှစ်ခုအနက် နောက်ဆုံးဖြစ်တဲ့ ပျံသန်းမှုခရီးစဉ် CX640 အရ ပျံသန်းလာတဲ့လေယာဉ်က နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ကနေ ထွက်ခွာလာပြီး ဟောင်ကောင်ကို ဒေသစံတော်ချိန် ဇန်နဝါရီလ ၉ ရက် နံနက် ၃ နာရီ ၂၁ မိနစ်မှာရောက်ရှိလာတာပါ။ လေယာဉ်ရောက်ရှိချိန်မှာ လေယာဉ်ပေါ်ပါတဲ့ခရီးသည်တွေထဲက တစ်ဒါဇင်ကျော်က နေမကောင်းဖြစ်နေခဲ့ကြလို့ မီးသတ်တပ်ဖွဲ့ က သူနာတင်ယာဉ်တွေနဲ့ North Lantau ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ဇန်နဝါရီလ ၈ ရက်ကလည်း ပျံသန်းမှုခရီးစဉ် CX640 အရ ရောက်ရှိလာတဲ့လေယာဉ်ပေါ်က ခရီးသည်ဆယ်ဦးဟာ အစာအဆိပ်သင့်ခဲ့တယ်ဆိုတာ သတင်းရခဲ့ပါသေးတယ်။ ဒီဖြစ်ရပ်မှာ အသက် ၂၁ နှစ်နဲ့ ၃၈ နှစ်အကြား အမျိုးသားခြောက်ဦးနဲ့အမျိုးသမီးလေးဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Cathay Pacific လေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကတော့ ခုလို အစာအဆိပ်သင့်မှုတွေဖြစ်ရခြင်းရဲ့ အရင်းအမြစ်က လေကြောင်းလိုင်းရဲ့ လုပ်ငန်းလည်ပတ်မှု့ပြင်ပမှာရှိနေတာလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက ဒီကိစ္စကို လေကြောင်းလိုင်းအနေနဲ့ ပွင့်လင်းမြင်သာစွာ ကိုင်တွယ်သွားမယ်လို့ ကတိပြုခဲ့ပြီး လေကြောင်းလိုင်းရဲ့ ပျံသန်းမှုခရီးစဉ်တွေအားလုံးမှာ ခရီးသည်တွေကိုတည်ခင်းတဲ့ အစားအသောက်တွေနဲ့ပတ်သက်လို့ ပြုပြင်ဆောင်ရွက်ဖို့ လိုသမျှကိုဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
လေကြောင်းလိုင်းရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက အဆင်မပြေမှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ခရီးသည်တွေကို လေကြောင်းလိုင်းအနေနဲ့ တောင်းပန်ပါတယ်လို့ ပြောခဲ့ပါတယ်။
Ref- Bangkok Post