၁၂.၁.၂၀၂၃
Translated by Htwe Ko Tun
ဂျာမနီနိုင်ငံသို့ ၂၀၂၂ ခုနှစ်အတွင်း ခိုလှုံခွင့်တောင်းခံရန်လျှောက်ထားလာသူ ၂၄၄,၀၀၀ ဦးကျော်ရှိခဲ့ကြောင်းနှင့် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ရောက်ရှိလာသည့် ယူကရိန်းဒုက္ခသည်များမှာလည်း တစ်သန်းကျော်ရှိနေကြောင်း ဂျာမနီအစိုးရက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ခိုလှုံခွင့်တောင်းခံသူများတွင် ဆီးရီးယားနိုင်ငံမှထွက်ပြေးလာသူများက အများဆုံးဖြစ်ပြီး အာဖဂန်နစ္စတန်၊ တူရကီနှင့် အီရတ်တို့က အစဉ်လိုက်အများဆုံးနိုင်ငံများဖြစ်ကြောင်း သိရသည်။
ယူကရိန်းမှရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များကမူ ခေတ္တနေထိုင်ခွင့်အဆင့်အတန်းဖြင့် အရေးပေါ်လက်ခံထားခြင်းဖြစ်သောကြောင့် ခိုလှုံခွင့်လျှောက်ထားရန်မလိုကြကြောင်း သိရသည်။
၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါကမူ ခိုလှုံခွင့်တောင်းခံသူဦးရေမှာ ၂၀၂၂ ခုနှစ်တွင် ၂၇ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ၂၀၂၂ ခုနှစ်၏ နောက်ဆုံးသုံးလတွင် ဘောလ်ကန်လမ်းကြောင်းမှ ဂျာမနီသို့ဝင်ရောက်လာသော ခိုလှုံခွင့်တောင်းခံသူဦးရေမှ ာတိုးပွားလာခဲ့ကြောင်းလည်း ဂျာမနီအစိုးရက ပြောခဲ့သည်။
ဂျာမနီအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး နန်စီဖီဆာက ရုရှားက ယူကရိန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့မှုနှင့်အတူ ဥရောပတိုက်အတွင်း ပြောင်းရွှေ့မှုများမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အများဆုံးဖြစ်ခဲ့ရကြောင်း ပြောခဲ့သည်။ ၎င်းက ဂျာမနီအနေဖြင့် ယူကရိန်းဒုက္ခသည်များကို အပြည့်အစုံထောက်ပံ့မှုဖြင့်ကြိုဆိုပါကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ၏အခြားသောနေရာများ၌လည်း စစ်ပွဲများနှင့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးခဲ့ကြရသည့် ခိုလှုံခွင့်တောင်းခံသူအရေအတွက်မှာ သိသာစွာတိုးတက်လာသည်ကိုလည်းတွေ့ရကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ဂျာမနီအစိုးရက ခိုလှုံခွင့်ငြင်းပယ်ခံရသူများကိုလည်း ပြည်နှင်ဒဏ်ပေးမှုကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း ၎င်းက ပြောခဲ့သည်။
Ref—abc