◾ စတင်ကျင်းပတဲ့ ပထမနေ့ရဲ့ မနက်ပိုင်းမှာပဲ လာရောက်လေ့လာသူ များပြား
Written by Nyein Kyaw
၁၀. ၁. ၂၀၂၅
မီးစက်နဲ့ ဆိုလာစွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲကြီးကို ဒီနေ့ ဇန်နဝါရီ ၁၀ ရက်ကနေ ၁၂ရက်အထိ ရန်ကုန်မြို့က Yangon Convention Center မှာ သုံးရက်ကျင်းပသွားမှာဖြစ်ပြီး စတင်ကျင်းပတဲ့နေ့ မနက်ပိုင်းမှာဘဲ လာရောက်လေ့လာသူများပြားခဲ့တာ တွေ့ရပါတယ်။
အဆိုပါပြပွဲကို ကုမ္ပဏီ Brand ပေါင်း ၁၅၀ ကျော်ကနေ ဆိုင်ခန်းပေါင်း ၇၀ ကျော်နဲ့ ပြသခဲ့တာဖြစ်ပြီး လာရောက်လေ့လာ သူတွေ အနေနဲ့ မီးစက်ထက် ဆိုလာစွမ်းအင်သုံးကို အများဆုံး စိတ်ဝင်စားမှုရှိတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ လျှစ်စစ်ထုတ်လုပ်မှု တပ်ဆင်စက်အင်အားဟာ ၇၂၀၀ ကျော်ရှိပြီး တပ်ဆင်အားအပြည့် လည်ပတ်နိုင်ရင် မဂ္ဂါဝပ် ၄၀၀၀ ကျော်ထုတ်နိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ လျှပ်စစ်ဓာတ်အားပို့လွှတ်တဲ့ ဓာတ်အားပေးတာဝါတိုင်တွေကို အကြမ်းဖက်သောင်းကျန်းသူတွေက ဖျက်စီးခဲ့မှု၊ ရာဂီမုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့အပြင် သဘာဝ ဓာတ်ငွေ့ အလုံအလောက်မရရှိတဲ့ အခက်အခဲတွေကြောင့် လျှပ်စစ်ဓာတ် မဂ္ဂါဝပ် ၂၀၀၀ အောက်သာ ထုတ်လုပ်နိုင်ပြီး လိုချက်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းကျော်သာ ထုတ်နိုင်တော့တဲ့အတွက် အလှည့်ကျမီးပေးစနစ်နဲ့ အချိန်ပိုင်းမီးဖြတ်မှုအချိန်တွေလည်း တိုးထားရတဲ့ အခြေအနေပါ။
ဒါကြောင့် ပြပွဲကို လာရောက်လေ့လာတဲ့သူတွေအနေနဲ့ လုပ်ငန်းသုံးအတွက် အဆောက်အဦအတွင်း ထည့်ထားရတဲ့ ဆိုလာစနစ်ထက် အပြင်မှာ အင်ဗာတာနဲ့ ဆိုလာဘတ္ထရီတွဲလျက်သား တပ်ဆင်ပေးတဲ့ပုံစံကို စိတ်ဝင်စားမှုရှိပြီး အိမ်သုံးတွေအတွက် ဆိုလာတွဲလျက်ပါ မီးသီးတွေနဲ့ တစ်နိုင်တစ်ပိုင်သုံး ဆိုလာစနစ်တွေကို လေ့လာမှုများတာကို တွေ့ရပါတယ်။