၁၀.၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် ဖြစ်ပွားခဲ့သော အဆောင်မီးလောင်မှုကြောင့် မီးဘေးသင့်သူ ၁၅၀ ကျော်အတွက် အကူအညီများလိုအပ်နေကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။
“မီးဘေးသင့်သူတွေမှာ အဝတ်အထည်တွေရော စောင်တွေပါလိုအပ်နေပါတယ်။ မွေးခါစ ၄ ရက်သားလေးတွေကော ကလေးငယ်တွေလည်း ရှိနေပါတယ်။ ကလေးဝတ်တွေလည်း လိုနေပါတယ်။ တစ်ကိုယ်ရေသုံးပစ္စည်းတွေနဲ့ ပြန်လည်ထူထောင်ရေး လိုအပ်တာတွေ ကိုယ်တိုင်သွားလှူလို့လည်းရပါတယ်”ဟု မီးဘေးသင့်သူများကို သွားရောက်ထောက်ပံ့ခဲ့သည့် ရွှေမေတ္တာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လတ်တလောတွင် မီးဘေးသင့်သူများကို ဒေသခံလူမှုကူညီရေးအဖွဲ့နှင့် စေတနာရှင်များက လာရောက်လှူဒါန်းထောက်ပံ့မှုများလည်းရှိကြောင်း သိရသည်။
ဇန်နဝါရီလ ၇ရက် နံနက်၄နာရီကျော်က လူနေအဆောင်တစ်ခုရှိ အခန်းတစ်ခန်းတွင် လျှပ်စစ်ဒယ်နီအိုးတည်ထားရာမှ အပူလွန်ကဲ၍ အနီးရှိ အဝတ်အထည်များသို့ မီးကူးစက်လောင်ကျွမ်းရာက အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးမီးလောင်သေဆုံးခဲ့ပြီး အိမ်ထောင်စု ၆၀ ကျော်၊ လူဦးရေ ၁၅၀ ကျော် မီးဘေးသင့်ခဲ့ရသည်။
မီးဘေးသင့်သူ ၁၅၀ ကျော်ကို အမှတ် (၅) ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်ထားကြောင်း သိရသည်။