၉ .၁.၂၀၂၅
Written by Hey Mar
ဝတ်ထားတဲ့ စကတ်အရှည်က ဆိုင်ကယ် ချိန်းကြားညပ်ကာပြုတ်ကျပြီး ပြင်းထန်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က မကွေးမြို့ ဆေးတက္ကသိုလ် ဂိတ်ပေါက် (၂)အရှေ့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူ အမျိုးသမီးက အသက် လေးဆယ်ကျော်အရွယ်ဖြစ်ပြီး ရရှိထားတဲ့ ဦးခေါင်းဒဏ်ရာကြောင့် သတိလစ်မေ့မျောနေတာကြောင့် မကွေးဆေးရုံကြီးကတစ်ဆင့် နေပြည်တော် ကုတင် (၁၀၀၀)ဆီ ထပ်မံ လွှဲပြောင်းခဲ့ရတယ်လို့ မြေပြင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါတာဝန်ရှိသူက “ဆိုင်ကယ် မောင်းနေရင်း စကတ်က ချိန်းကြားညပ်တော့ သူ့ကို ကိုင်ပေါက်သလိုဖြစ်သွားတာ။ ပွန်းပဲ့ဒဏ်ရာတွေ များပြီး ဦးခေါင်းက သွေးမထွက်ပေမယ့် ပျော့ပျော့ကြီးဖြစ်နေတယ်။ နောက်စေ့မှာ။ သတိလည်းလစ်နေတော့ နေပြည်တော်လွှဲ လိုက်ပို့နေပါတယ်” လို့ MT News ကို ပြောပါတယ်။
မကွေးမြို့မှာ မနေ့က ဇန်နဝါရီ ၈ ရက်နေ့ကလည်း ည ၇ နာရီဝန်းကျင်မှာ တစ်ချိန်တည်း နေရာနှစ်ခုမှာ ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံတက်ရောက်ကုသနေရပြီး တစ်ဦးကတော့ မနေ့ကတည်းက ဆေးရုံဆင်းခွင့်ရရှိခဲ့တယ်လို့လည်း မြေပြင်လူမှုကူညီရေးအသင်းက ပြောပါတယ်။