၉.၁.၂၀၂၅
Translated by Htwe Ko Tun
Apple ကုမ္ပဏီက နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ iPhone 16 ဖုန်းက စမတ်ဖုန်းတစ်ခုအတွက် ပြည်တွင်းမှာအသုံးပြုဖို့ လိုအပ်တဲ့အစိတ်အပိုင်းတွေရဲ့ ၃၅ ရာခိုင်နှုန်း ပြည်တွင်းထုတ်အနေနဲ့ ပါဝင်မှုမရှိတာကြောင့် နိုင်ငံအတွင်း ရောင်းချခွင့် ပိတ်ပင်သွားမယ်လို့ အင်ဒိုနီးရှားအစိုးရက ဇန်နဝါရီလ ၈ ရက်မှာ ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားအစိုးရစက်မှုလုပ်ငန်းဝန်ကြီး အေဂတ်စ် ဂူမီဝန် က Apple ကုမ္ပဏီရဲ့ အင်ဒိုနီးရှားမှာ ဘီလျံနဲ့ ချီတဲ့ ရင်းနှီးမြှုပ်နှံမှုက iPhone 16 ရဲ့ ပြည်တွင်းသုံးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ မလုံလောက်ဘူးလို့လည်း ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားရဲ့ စမတ်ဖုန်းတွေမှာ ပြည်တွင်းအစိတ်အပိုင်းပါဝင်မှု စည်းမျဉ်းတွေအရ Apple အနေနဲ့ သူ့ရဲ့ စမတ်ဖုန်း ဒါမှမဟုတ် အစိတ်အပိုင်းတွေ ရဲ့ အနည်းဆုံး ၃၅ ရာခိုင်နှုန်းကို အင်ဒိုနီးရှားမှာ ထုတ်လုပ်ရမှာဖြစ်ပါတယ်။
Apple က အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ သူတို့ရဲ့နောက်ဆုံးထုတ် iPhone 16 အတွက် ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ဖို့သဘောတူညီချက် လက်မှတ်ထိုးထားပေမယ့် မရောင်းချနိုင်သေးဘူးလို့ အင်ဒိုနီးရှားဝန်ကြီးက ပြောခဲ့ပါတယ်။
iPhone 16 ဟာ ဒီကန့်သတ်ချက်နဲ့ မကိုက်ညီတာကြောင့် အင်ဒိုနီးရှားအစိုးရက ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းကစ ရောင်းချခွင့်ပိတ်အပြီးမှာ Apple က သူ့ဖုန်းရောင်းချနိုင်ဖို့ ဒေါ်လာ တစ်ဘီလျံ ရင်းနှီးမြှုပ်နှံဖို့ သဘောတူခဲ့ပေမဲ့ iPhone 16 ကို အင်ဒိုနီးရှားနိုင်ငံအတွင်း ရောင်းချခွင့်ကတော့ ဆက်လက်တားမြစ်ခံနေရဆဲပါ။
Ref- Nikkei Asia